Tuesday, 27 September 2011

ကြောင်ပြပွဲ

မင်္ဂလာပါခင်ဗျာ။ ဒီရက်ပိုင်း ကျွန်တော် အလုပ်တွေပိနေလို့ ကျွန်တော့ဘလော့လေးကို ပစ်ထားသလိုဖြစ်သွားပါတယ်။ လာလည်ကြတဲ့ ဘလော့ မောင်နှမများနဲ့ စာဖတ်သူများကို အရမ်းပဲ အားနာမိပါတယ် ခင်ဗျာ။ အဲဒီ အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော့ ဘလော့လေးကို ကျွန်တော် မလေးမစားမလုပ်ရိုး အမှန်ပါ။ ကျွန်တော့မှာ အလုပ်ကဖိအားတွေရပြီး စိတ်အတော်ညစ်ရပါတယ်။ ညဆိုရင်လည်းနောက်ကျ မှပြန်ရောက်တယ်။ ၂၃ရက်နေ့က အပြန်နောက်ကျသွားလို့ ဧရာဝတီအတွက် ရေးထားတဲ့ ကဗျာလေးတောင် မတင်ဖြစ်ခဲ့ပါဘူး ခင်ဗျာ။ အိမ်ပြန်ရောက်တော့ ၁၂နာရီ ကျော်နေပြီ။ ဘလော့ မောင်နှမတွေကတော့ တာဝန်ကျေပြီး၊ ကျွန်တော့မှာ တာဝန်မကျေတဲ့ အတွက် အတော်ကိုစိတ်မကောင်း ဖြစ်မိပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဟာကို အပြစ်ပေးတဲ့ အနေနဲ့ အဲဒိကဗျာလေးကို မတင်တော့ပါဘူး ခင်ဗျာ။ ကျွန်တော့ရဲ့ ဘလော့မောင်နှမများ အားလုံးနဲ့ စာဖတ်သူများ အားလုံးကို ကျွန်တော်ရိုသေစွာ ဂါရဝပြုရင်း ကြောင်ပြပွဲ ဆိုတဲ့ Post လေးကို စပါရစေခင်ဗျာ။


ကလင်..... ကလင်..... ကလင်.....
မနက်စောစောစီးစီး ငှက်သံလေးတွေ မကြားရပဲ၊ ဖုန်းသံကြားလိုက်ရသဖြင့် ကျွန်တော် လည်း အူကြောင်ကြောင်ထ၍ ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဟဲလို"
“ဟေ့ကောင် ကြောင်ပြပွဲသွားမယ် လိုက်မလား?”
ကျွန်တော်သိလိုက်ပြီ စောစောစီးစီးသူများကို လာနှောက်ယှက်နေပြီဆိုတာ
“ဟာဗျာ.... ကိုယ့်ဟာကိုယ် သွားကြောင်တာ ကြောင်ပါဗျာ... မလိုက်ချင်ပါဘူး”  ဟုဘုတောလိုက်ရာ
သူငယ်ချင်းကလည်း “အာ..... ဒီကောင် အိပ်ချင်မူးတူးနဲ့ Cat Show သွားမယ်ပြောတာဟ!”
“အွန်! ဟာဗျာ Catwalk ပဲကြားဖူးပါတယ် Cat Show တော့ မကြားဖူးပါဘူး” လို့ပြောတော့
ဟိုဖက်က စိတ်လေသွားသံဖြင့် “ဒီမှာ 8Yar Catwalk ဆိုတာ ကောင်မလေးလှလှလေးတွေ လျှောက်တာ ၊ Cat Show ဆိုတာကတော့ ကြောင်လှလှလေးတွေ ပြတာကွ” တဲ့ ပြီးတော့သူက ဆက်ပြောတယ် “မင်းမသိရင်လဲ သိအောင်လိုက်ခဲ့ ဘယ်လိုလဲ?”

ကျွန်တော်စဉ်းစားလိုက်တယ်။ ဒီနေ့ဘာတွေ လုပ်စရာရှိလဲလို့။ ထုံးစံ အတိုင်း ကျွန်တော့ရဲ့ အချိန်တွေကကြပ်နေတယ်။ ဒီနေ့လုပ်စရာတွေက နိုးရင် စားမယ်၊ စားပြီးရင် ပြန်အိပ်မယ်၊ အိပ်ပြီးရင် ပြန်စားမယ် အဲ အဲ မဟုတ်ဘူး မဟုတ်ဘူး အခုပြောင်းသွားပြီ ဘလော့လည်မယ်၊ ဘလော့ဖတ်မယ်။  ဘလော့ဖတ်မယ်၊ ဘလော့လည်မယ်။ ဒီနောက်ပိုင်း အအိပ်နဲ့ အစားနဲ့ ကသိပ်အရေးမပါတော့ဘူး။ ဟီး..... :P

ဆိုလိုချင်တာက အဲ့ဒီလို အလုပ်များနေတဲ့ကြားက Cat Show ဆိုတာလေးကို နည်းနည်းစိတ်ဝင်စားသွားတယ်။ ဒါကြောင့် လိုက်မယ်ဗျာလို့ပြောလိုက်တယ်။
သူငယ်ချင်းကလည်း “အင်း ဒါဆိုငါတို့ Yishun MRT မှာ ၁၂နာရီတိတိ ဆုံကြမယ်။”
ကျွန်တော်ကလည်း “အင်း See you” ဆိုပြီး ဖုန်းချလိုက်တယ်။

အဲ့ဒီနောက် ကျွန်တော်လည်း အိပ်ယာသိမ်း၊ မျက်နှာသစ်ပြီး နံနက်စာပေါင်မုန့်လေးကို တစ်ဖက်ကကိုင်၊ အအေးဘူးလေးဘေးချကာ ဘလော့တွေလိုက်ဖတ်လိုက်တာ အိမ်အလုပ်တောင် ဘာမှမလိုက်ရဘူး ၁၀နာရီထိုးသွားလေရဲ့။ :P

၁၀နာရီထိုးပြီဆိုတာလဲသိရော 8Yar တစ်ယောက် ရေချိုးခန်းကို ကဆုန်ပေါက်ပြေး၊ ရေချိုး၊ အဝတ်စားလဲ၊ ကင်မရာယူ၊ ဓာတ်ခဲစစ်၊ Memory card စစ် ပြီး အခြားလိုမယ်ထင်တာတွေ ကိုယ်လွယ်မဲ့အိတ်ထဲပစ်ထည့် ပြီးတော့ထွက်လာခဲ့လိုက်သည်။


 Yishun MRT ကိုရောက်တော ၁၁း၄၅့  ရှိပြီ။ သူငယ်ချင်းတွေလည်း သိပ်မကြာခင်မှာပဲ ရောက်လာကြသည်။ သွားသာသွားရတယ်။ ကြောင်တွေကို ကိုယ်လည်းမြင်ဖူးနေတာ ဆိုတော့ သိပ်လည်းထူးဆန်းမယ် မထင်ဘူး။ အဲ့ဒီလိုနဲ့ ကြောင်ပြပွဲကျင်းပနေတဲ့ Chong Pang Community Club ကိုရောက်ခဲ့တယ်။

ရောက်ရောက်ချင်း အလှူခံနဲ့တန်းတိုးတော့တာပဲ။ ကိုယ်ကလည်း ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးဆိုတော့ အလှူခံတွေ့တာနဲ့ ထည့်ချင်နေရော။ အလှူငွေလည်းထည့်ပြီးရော ကိုယ်က ဓာတ်ပုံရိုက်ဖို့လာတာဆိုတော့ Camera လေးတပြင်ပြင်နဲ့ပေါ့။ အဲဒီအလှူခံဌာနမှာ ပြထားတာက ရိုးရိုးကြောင် ၅ကောင်လောက်ရှိမယ်ထင်တယ်။ ဓာတ်ပုံရိုက်မယ်လဲလုပ်ရော သူတို့ကတားတယ် ရိုက်လို့မရဘူးတဲ့။ တိန်! ကျွန်တော်လဲတော်တော် အံ့ဩသွားတယ်။ Why? လို့မေးတော့ ရိုက်ချင်ရင် ရိုက်ခပေးရမယ်တဲ့ ဟောဗျာ ဆိုပြီး ကျွန်တော်စိတ်လေသွားတယ်။ အဲ့ဒါနဲ့ ကြောင်ပြပွဲရှိတဲ့ အခန်းမဖက်ကို ထွက်လာခဲ့တယ်။ အခန်းမ မရောက်ခင် လမ်းတလျှောက်မှာ ကြောင်ပုံလေးတွေပါတဲ့ အမှတ်တရပစ္စည်းဆိုင်လေးတွေရှိတယ်။ ကိုယ်ကလဲသိပ်စိတ်မဝင်စားတဲ့ အတွက် စေ့စေ့တောင် မကြည့်ခဲ့မိဘူး။ 

အခန်းမထဲလဲရောက်ရော လူတွေကလည်း အများကြီး၊ ကြောင်တွေကလည်း အများကြီး၊ အိုးအို.... မနည်းပါလားလို့တောင် ရေရွတ်မိပါရဲ့။ သူငယ်ချင်းတွေကိုကြည့်လိုက်တော့ တစ်ယောက် တစ်နေရာစီထွက်သွားကြပြီး ကြောင်တွေကိုလိုက်ကြည့်နေကြပြီ။ ကြောင်တွေ အကုန်လုံး သူ့လှောင်အိမ်နဲ့သူ နေနေကြတယ်။ ပိုင်ရှင်တွေကလည်း ကြောင်မွေးတာ ကလေးမွေးတာကြနေတာပဲ။ လှောင်အိမ်ထဲမှာ မွေ့ယာနဲ့ စောင်နဲ့ ငုံ့ကြည့်လိုက်တော့.....


 အားပါးပါး တော်တော် လှတာပဲ။ အဲဒီကြမှ ကိုယ့်ထင်နဲ့ အမြင် တက်တက်စင်အောင်လွဲသွားပါလား ဆိုတာသိလိုက်တယ်။ အမှန်က ကြောင်ပြပွဲ ဆိုတာထက် ကြောင်ပြိုင်ပွဲ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမှာ.....

 ကြောင်တွေကို စစ်ဆေးတဲ့ ဒိုင်တွေရှိတယ်၊ 





 ဆုတံဆိပ်တွေရှိတယ်

ပြီးတော့ အားပေးတဲ့သူတွေလဲရှိတယ်၊ အဲဒါကြောင့် ကြောင်ပြိုင်ပွဲလို့ဆိုချင်ပါတယ်ခင်ဗျာ။ အမှန်တော့ ကျွန်တော်ရိုက်ခဲ့တာ ပုံ တွေက တစ်ရာကျော်ပါတယ်။ ကျွန်တော်ကပဲ လက်တုန်နေတာလား? ကျွန်တော့ Camera လေး FINEPIX F300EXR ကပဲချာနေတာလား မသိ? ပုံ တော်တော်များများ ဝါးနေပါတယ်။ အချို့ပုံတွေဆို စိတ်တိုင်းမကျလို့ Hand phone ထုတ်ပြီးရိုက်ခဲ့ပါသေးတယ်။ လှမယ်ထင်တဲ့ ပုံနည်းနည်းတော့ တင်လိုက်ပါတယ်ခင်ဗျာ။ အများကြီးတော့ မတင်ရဲ့ပါဘူး။ တော်ကြာ မြန်မာပြည်က ကျော်ခွလာရတဲ့ အစ်ကိုတွေ၊ အစ်မတွေများရှိခဲ့ရင် အစဉ်မပြေမှာဆိုးလို့ပါ။

  တီရှပ်လေးနဲ့ ကျနော်


  မျှော်လင့်နေမယ်... ကိုယ့်ရင်မှာနားပါကွယ်... 




 မျက်နှာကို မနည်းရှာယူရတယ်။ 




 နှုတ်ခမ်းမွှေးစစနဲ့ ကျနော်။ 




 ဆုတံဆိပ်ပိုင်ရှင် ကျမပါ။ ကစားဖို့ အရုပ်လေးလဲရှိတယ်။ 




 စိုက်ကြည့်ရင် အလိုက်သိပါ။


နံပြားမျက်နှာနဲ့ ဆရာကြောင်


 မော့ကြည့်နေတာ အကောင်းမဟုတ်ဘူးနော်။


 ကယ်ကြပါအုံးဗျိုး။ သားကို လည်ပင်းညစ်နေတယ်။


 ဘာတွေ ကုန်းရှူနေတာတုန်း?


  ကြောင်ပုံကိုလှအောင် မရိုက်ပဲ၊ ချာမပုံကိုလှအောင် ရိုက်မိလို့ ဗိုက်ခေါက်လိမ်ဆွဲခံရပြီးပြီ။


အားလုံးပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုရင်း
8Yar
27th Sep 2011

Monday, 19 September 2011

မြစ်ဧရာ ခေါ် ဧရာဝတီ



ဆို့နင့်တဲ့ ရင်နဲ့ဝေဒနာ
သေရာပါ နာကျင်လှတယ်
မြစ်ဧရာကို ပေးမတဲ့လား.....

သူကျွေးခဲ့ သားစဉ်မြေးဆက်
သမိုင်းတွင်မဲ့ နေ့ရက်တွေနဲ့
မြစ်ဧရာကို ပေးမတဲ့လား.....

မျက်ရည်နဲ့ တောင်သူမျက်နှာ
ကြေကွဲစွာ အနာဂတ်မဲ့တယ်
မြစ်ဧရာကို ပေးမတဲ့လား.....

နိုးတစ်ဝက်နဲ့ ရေလုပ်သားအိမ်မက်
ဆိုးရိုင်းစွာ မြင်မက်ရတယ်
မြစ်ဧရာကို ပေးမတဲ့လား.....

ပြောပြစမ်းပါ.... ပြောစမ်းပါ....
မြစ်ဧရာကို ပေးမတဲ့လား.....
မြစ်ဧရာကို ပေးမတဲ့လား.....

ဒီကဗျာလေးကို ကျွန်တော်ကြေကြေကွဲကွဲရေးခဲ့ရတာပါ။ ဧရာဝတီမြစ်ကြီး ပျောက်ဆုံးသွားခဲ့ရင် ဆိုတဲ့ ခံစားချက်ဟာ ကျွန်တော့ရင်ကို အကြီးအကျယ်ဆို့နင့်စေပါတယ်။ ကျွန်တော့ကဗျာလေးက ဧရာဝတီမြစ်ကြီးအတွက် အုပ်တစ်ချပ်မဟုတ်တဲ့ သဲတစ်ပွင့်ဖြစ်ခွင့်ရရင် ဖြစ်ပါရစေခင်ဗျာ။

ကြေကွဲစွာဖြင့်
8Yar
19th Sep 2011

Saturday, 17 September 2011

အမှန်



အပြင်မှာ မိုးကျတယ်
အိမ်မှာ တစ်ယောက်တည်း

နာရီတွေ များတယ်
အချိန်တွေ ရှားတယ်

တွေးစရာနဲ့ ရေးစရာ မရှိပေမယ့်
ငါ့မှာ ပေးချင်တာတော့ ရှိတယ်

ခပ်ပျော့ပျော့ လေတစ်ချက်ကြောင့်
ပြင်းထန်တဲ့လှိုင်းတံပိုး ငါ့ရင်မှာထိတယ်

သိတယ်
ဒါပေမယ့်မပြောချင်ဘူး

ပြောလို့ရတဲ့ စကားတွေကျတော့
မုသားစစ်စစ်တွေ ဖြစ်နေတယ်

ကဲ.... ငါဘာလုပ်ရမလဲ?

8Yar
17th Sep 2011

Thursday, 15 September 2011

အသဲပျော့လူသား



တီးတီးတီးတီး.... တီးတီးတီးတီး....
နံနက်အလင်းရောင်နဲ့အတူ နှိုးစက်သံသည် နေမိုးထံသို့ တိုးဝင်လာခဲ့လေသည်။ နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးနှင့်နေပြီ။ ဒီနေ့ ချစ်သူလေး၏မွေးနေ့ ဘုရားအတူသွားရန် လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကတည်းက စီစဉ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ကပ်မှစီစဉ်လျှင် ပျက်တတ်သောကြောင့်ပင်ဖြစ်သည်။ တကယ်လည်း ပျက်ခဲ့ပေါင်းလည်းများလှပြီ။ အကြောင်းမှာ နေမိုး၏ နောက်ကျခြင်းကြောင့်သာဖြစ်ရပါသည်။ ဒီတစ်ခါတော့ နောက်ကျ၍မဖြစ်......

နေမိုး တစ်ယောက်အိပ်ယာမှထကာ ရေမိုးချိုး၊ အဝတ်အစားလဲလိုက်သည်။ အိမ်မှမထွက်ခင် ဒီနေ့ဝတ်ထားသော အဝတ်အစားကို မှန်ရှေ့ရပ်ခါ တခေါက်ပြန်စစ်လိုက်သည်။ အင်္ကျီမှာ ရှပ်လက်ရှည်အကွက်ဝတ်ဆင်ထားပြီး အင်္ကျီလက်ကို တံတောင်ဆစ်နားထိ ခေါက်တင်ထားသည်။ ဘောင်းဘီကိုတော့ အရောင်ပျက်ဖြင့်ပုံဖော်ထားသော ဂျင်းပင်ကိုဝတ်ဆင်ထားသည်။ ကိုယ့်ကိုကိုယ်တော့ မဆိုးဟုဆုံးဖြတ်ကာ ပိုက်ဆံအိတ်၊ ဟန်းဖုန်းနဲ့ အိမ်သော့ ကိုယူကာ ထွက်လာခဲ့လိုက်သည်။ 

နေမိုးလမ်းပေါ်ရောက်တော့ ရှစ်နာရီထိုးနေလေပြီ။ ချစ်သူနဲ့ချိန်းထားတာက ကိုးနာရီ။ MRTဟုခေါ်သော ရထားကိုစီးလျှင် ချိန်းထားတဲ့နေရာကိုရောက်ဖို့ လေးဆယ့်ငါးမိနစ်လောက်ကြာမည်။ ရထားဂျန့်ဖြစ်လျှင် သေချာပေါက်နောက်ကျပေလိမ့်မည်။ ထို့ကြောင့် Taxiဖြင့်သွားမည်ဟုဆုံးဖြတ်ခါ  Taxi Stand ရှိရာသို့လျှောက်လာခဲ့သည်။ Taxi Stand တွင်လူသိပ်မရှိ၊ ထို့ကြောင့်ဝင်၍တန်းစီလိုက်သည်။ တစ်ဆယ့်ငါးမိနစ်အတွင်း နေမိုးအရှေ့ကလူတွေရှင်းသွားလေသည်။ ဒီတစ်ခါ Taxiလာလျှင် နေမိုးအလှည့်၊ စောင့်သည်......

အချိန်တွေတဖြည်းဖြည်းကုန်လာသလို အမိုးမရှိသော Taxi Stand တွင်လည်း နေကတဖြည်းဖြည်းပူလာလေသည်။ အနောက်သို့လှည့်ကြည့်လိုက်ရာ အားပါးပါး...... Taxiစီးမဲ့လူတွေ တစ်မျှော်တစ်ခေါ် တစ်တန်းကြီးဖြစ်နေတော့လေသည်။ မရှိဘူးဆိုရင်တောင် အနည်းဆုံး တစ်ဆယ့်လေးယောက်၊ တစ်ဆယ့်ငါးယောက် လောက်ရှိပေမည်။ နေမိုးတစ်ယောက်နောက်ကျမှာ စိုးရိမ်လာသည်။ နောက်ဆယ်မိနစ်မှ Taxiမလာရင် နေမိုးတစ်ယောက် ပြဿနာတက်ပြီ။ နာရီလက်တံတွေ တစ်ရွေ့ရွေ့ကုန်သွားသလို Taxi Standတွင်မစောင့်နိုင်၍ ထွက်သွားသူများရှိသကဲ့သို့ ထပ်ရောက်လာသူများလည်း မနည်းလှပေ။ 

ဒီလိုနဲ့ ကိုးနာရီထိုးဖို့ မိနစ်နှစ်ဆယ်အလိုတွင် Taxiတစ်စီး နေမိုးဦးဆောင်နေသော လူတန်းရှည်ကြီးရှိရာသို့ ဦးတည်လာလေရာ နေမိုးမှာ ရင်တခုန်ခုန်နှင့်စောင့်နေမိသည်။ ထိုTaxiသည် အနီးသို့တိုးဝင်လာချိန်တွင် နေမိုး၏မျှော်လင့်ချက်များ တစ်စစီကွဲထွက်သွားသည်။ အကြောင်းမှာ Taxi က On Callဖြစ်နေသောကြောင့်ပင်တည်း။ (On Call ဆိုသည်မှာ Taxiကိုဖုန်းဖြင့်လှမ်းခေါ်ထားသော Taxiများကိုခေါ်ခြင်းဖြစ်သည်။) On Callခေါ်ထားသူမှာ နေမိုးကိုဖြတ်ကျော်ကာ ကားလေးပေါ်သို့ ကျော့ကျော့မော့မော့လေး တက်သွား သွားပေမယ့် နေမိုးမှာ ကြေကွဲ၍ကျန်ခဲ့လေသည်။ သို့သော် ငါးမိနစ်ပင်မပြည့်မီ နောက်Taxiကားတစ်စီးဝင်လာလေသည်။ ဒီတစ်ခါတော့ ကံကြမ္မာကနေမိုးအား မျက်နှာသာပေးချေပြီ။ 

Taxiမှာ နေမိုးရှေ့သို့ငြိမ့်ညောင်းညင်သာစွာ ထိုးရပ်ပေးလိုက်တယ်ဆိုရင်ပဲ နေမိုးမှာTaxiကားရှိရာသို့ ကြွကြွရွရွလေး လျှောက်သွားလိုက်သည်။ ပြီးတော့ ကားတံခါးကို ဟန်ပါပါဆွဲဖွင့်လိုက်ပြီး ကျန်ခဲ့သောလူတန်းရှည်ကြီးကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် တစ်ချက်ဝှေ့ကြည့်လိုက်သည်။ ထိုသို့ဝှေ့ကြည့်လိုက်စဉ် မျက်ဝန်းထောင့်တွင် ရိပ်ခနဲမြင်လိုက်သည်ကား ပူပြင်းလှသောနေရောင်အောက်တွင် ခပ်ယဲ့ယဲ့ရပ်နေသော အသက်ခြောက်ဆယ်ကျော် အဖွားအိုနှင့် သူမ၏ဘေးတွင် ကြာကြာမရပ်နိုင်၍ Taxi Stand၏လက်ရမ်းကို အားပြုကာရပ်နေရှာသော အသက်ခုနှစ်ဆယ်ကျော် အဖိုးအိုတို့ပင်ဖြစ်သည်။ သူတို့ရပ်နေသည့်နေရာမှာ လူတန်းရှည်၏ တစ်ဝက်လောက်တွင်ဖြစ်သည်။ နေမိုး၏စိတ်ထဲသို့ ဝေဒနာတစ်မျိုးတိုးဝင်လာလေသည်။ နေမိုးတွင်ရွေးချယ်ရန်မရှိပါ။ သူ၏အာရုံတွင် ချစ်သူလေး၏မျက်နှာနှင့် စကားသံများပေါ်လာလေသည်။  နေမိုးတစ်ယောက် ကားတံခါးဘောင်ကို ခပ်တင်းတင်းဆုပ်ကာ မျက်စိမှိတ်၍ဆုံးဖြတ်ချက်ချလိုက်သည်။ 

ထို့နောက် ကားထဲသို့ကိုယ်တစ်ပိုင်းဝင်၍ ကားဆရာအားခဏစောင့်ပေးပါရန်ပြောပြီး အဖိုးအိုနှင့်အဖွားအိုရှိရာသို့ လျှောက်ကာ 
“အဖိုးတို့အတွက် Taxiရောက်ပါပြီခင်ဗျာ”ဟုဆိုလိုက်ရာ 
အဖိုးအိုမှာ အံ့သြတစ်ကြီးမော့ကြည့်လေသည်။ အဖွားအိုမှာလည်း ရုတ်တရက်ကြောင်၍ ဝေခွဲမရသောအကြည့်ဖြင့်ကြည့်လေသည်။ 
ထို့နောက်အဖွားအိုမှာ သတိရလာလေဟန်ဖြင့် “ရပါတယ်ကွယ်၊ လူလေးလည်းသွားစရာရှိမှာပေါ့” ဟုဆိုရာ
နေမိုးက “ဟုတ်ကဲ့၊ ကျွန်တော်အချိန်ရပါသေးတယ်ခင်ဗျာ၊ အဖွားတို့ခရီးဆက်နှင့်ပါ၊ ကျွန်တော်နောက်မှစီးပါ့မယ်ခင်ဗျာ”  ဟုဆိုကာ သူတို့တန်းစီနေသောနောက်တွင်ဝင်ရပ်လိုက်သည်။ 
အဖိုးအိုမှာလွန်စွာကျေးဇူးတင်သည့်ဟန်ဖြင့် “ကျေးဇူးပါလူလေးရယ်”၊ အဖွားအိုမှာလည်း “ကျေးဇူးတင်ပါတယ်ကလေးရယ်” ဟုအသီးသီး ဆိုကာ ကားဆီသို့ဖြေးဖြေးချင်းလျှောက်သွားလေသည်။ 

 နေမိုးမှာ ပြုံး၍ကြည့်နေရင်း ပီတိသည် အရှိန်အဟုန်ကြီးမားလာသည်ဖြစ်ရကား ကြက်သီးများပင်ထသွားလေသည်။ ထို့နောက် နေမိုးရေရွတ်မိသည်ကား 
"ကိုယ့်မှာအရမ်းမာတဲ့ အသဲတစ်စုံမပိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါချစ်သူ.........." ဟူ၍ဖြစ်လေသတည်း။

 ကောင်းသောနေ့လေးဖြစ်ပါစေ။
8Yar
15th Sep 2011

Sunday, 11 September 2011

ဘလော့ဂါ ဆိုတာဘာလဲ?



ဒီနေ့တော့ အိပ်ယာနိုးတယ်ဆိုရင်ပဲ ခေါင်းထဲမှာပေါ်လာတာက ဘလော့ဂါ ဆိုတာဘာလဲ ဆိုတဲ့ အကြွေးရှင်တွေဖြစ်တဲ့ အစ်ကိုရင်၊ အစ်မ မဒန်ကိုး နဲ့ သူငယ်ချင်း Candy တို့ကိုသတိရလိုက်တယ်။ အခုလောက်ဆိုရင် နတ်ထက်ဆိုးတဲ့ အစ်ကိုရင်နဲ့ အစ်မကိုး တို့နှစ်ယောက် 8Yarလေးကို ဘယ်လိုကိုင်လိုက်မယ် ဆိုတာများဆွေးနွေးနေမလား… Candy တစ်ယောက် မြန်မာပြည်ကမှာထားတဲ့ ခဲတံတွေနဲ့ပဲ ကျွန်တော်ပုံတွေလျှောက်ဆွဲနေမလား… ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်မိတယ် ဆိုရင်ပဲ အိပ်ယာကငေါက်ကနဲထ Computer ဆီပြေး၊ Computer ဖွင့်ပြီး တဂျောင်းဂျောင်းနဲ့ အောက်ပါအတိုင်းစရိုက်ပါတော့သည်။

ဘလော့ဂါဆိုတာ ဘလာဂေါ့ ပါလို့ပြောပြီး Post တင်လိုက်ရင်၊ 8Yarကိုအဝေးပစ်မဲ့သူတွေ၊ အနီးကပ်ဖြုတ်မဲ့သူတွေအပြင်၊ 8Yarတို့ လိုက်ယား၊ လိုက်ယား အပြင်ထွက်လာရင် ခြေသလုံးဖက်ကိုက်မဲ့သူတွေ၊ နားရွက်ပြေးဆွဲမဲ့သူတွေ၊ ဗိုက်ကြောပြတ်အောင်လုပ်မဲ့သူတွေ နည်းမှာဟုတ်ဖူး။ အဲဒီတော့......

ဘလော့ဂါဆိုတာ......
ကျောင်းပြေး၊ အလစ်သုတ်၊ လမ်းဘေးထိုင် လေကန်၊ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်၊ ပုဆိုးကွင်းသိုင်း လမ်းပေါ်တက်၊ အော်ကြောလန်၊ ပြည်သူ့ချဉ်ဖတ်၊ ငတတ်ပြား၊ ကြက်စား၊ ၀က်များတောင်ချမ်းသာမပေးတဲ့သူ (ရောင်းစားတာကို ပြောတာနော်) စတဲ့လူတွေလို့တော့ မထင်လိုက်ပါနဲ့ခင်ဗျာ။ 

ဘလော့ဂါဆိုတာ......
အချိန်ပေး၊
ပိုက်ဆံစု (စုလို့မရရင် Over Time ဆင်း)၊
ကွန်ပျူတာဝယ်(၀ယ်လို့မရရင် သူများဆီကတောင်းသုံး၊ တောင်းလို့မရရင် ရိုက်လု အဲ….ဘွာတေး အဲဒါမပါဘူး)၊
အွန်လိုင်းတက်၊
ခံစားချက်တွေသွန်ချ၊
တစ်ချို့ကသောက်ထားတာတွေသွန်ချတယ် (အဲဒါအစ်မကိုးရဲ့ အချစ်တုံး အစ်ကိုရင်)၊ 
တစ်ချို့ကဟင်းတွေသွန်ထည့် (အဲဒါ Candy :P)၊ 
တစ်ချို့ကနည်းပညာတွေသွန်၊ တစ်ချို့ကသွားသမျှ စားသမျှတွေသွန်ထည့် (အဲ့ သွားသမျှဆိုတာ လျှောက်သွားသမျှနေရာအကြောင်း ပြောတာနော်)၊ 
တစ်ချို့ကနှလုံးသွေးတွေကို ကဗျာဆိုတဲ့ပါကင်လှလှလေးတွေနဲ့ ထုတ်ပြီးပစ်ထည့်၊ 
တစ်ချို့ကဖတ်မိသမျှသတင်းတွေရော အတင်းတွေရောသွန်ထည့်၊ 
အချို့ကတရားရေအေးလေတွေသွန်ချပေး(ဘလော့ဂါတွေက လူမှောင်တွေများလို့ထင်တယ် :P)၊ 
အဲဒီလိုရသစုံ၊ ဗဟုသုတစုံ ဟင်းအိုးကြီးထဲမှာ 8Yarတစ်ယောက် လက်ပစ်ကူးနေတာ သုံးနှစ်ပြည့်ခါနီးမှ ကမ်းပေါ်ရောက်တော့တယ်။ ရောက်တယ်ဆိုရင်ပဲ ဘယ်ကရှိထားတဲ့ အငြှိုးတွေနဲ့လည်းမသိ ရှိသမျှ သွန်ထည့်နေလိုက်တာ အခုဆိုရင်အကျင့်ကြီးတစ်ခုလိုတောင် ဖြစ်သွားခဲ့ပြီ။ ဘလော့မဂင်းရတဲ့နေ့တွေဆို မျက်ရည်လေးစမ်းစမ်းနဲ့ ကြက်သွန်လှီး အဲလေ.... ကောင်မလေးကိုဖက်ဖက်ငိုရတာအမော(ဟီး...ဟီး...အဲလိုဝမ်းနည်းတာ)။ 

ဘယ်လိုပဲဖြစ်ဖြစ် မတူကွဲပြားဘဲ မူကွဲများတဲ့သူတွေဖြစ်ပါစေ။ တူနေတာတစ်ခုက ခံယူချက်ပါ။ ကိုယ့်မှာရှိတဲ့ သုတ၊ ရသ၊ ဒဿနနဲ့ ပညာတွေကို ဘာပြန်ခံစားခွင့်တွေမှ မမျှော်လင့်ဘဲပေးချင်နေသူတွေပါ။ အဲဒါကြောင့် ဘလော့ဂါဆိုတာ ကျွန်တော်8Yarအနေနဲ့ အွန်လိုင်း ဝေသန္တရာလက်သစ်တွေလို့ တင်စားပါရစေ။ 

ကျွန်တော့ကိုTagထားတဲ့ ဘလော့မောင်နှမများ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါရစေခင်ဗျာ။ ဒီပို့စ်လေးနဲ့အတူ ကျွန်တော့ဆီလာလည်ကြတဲ့ ဘလော့ဂါမောင်နှမများကို Tagလိုက်ပါတယ်ခင်ဗျာ။ (လာမလည်တဲ့ သူငယ်ချင်းများကိုလည်း လာလည်ရဲ့သားနဲ့ မရေးတာလို့သဘောထားပြီး စိတ်ဆိုးပါ့မယ်။ ဟီး….စတာနော်) အစ်ကိုရင်ပြောသလို “မသိမသာလှည့်ပြန်ဖို့ မကြိုးစားပါနဲ့မိတ်ဆွေ” ရဲရဲသာCommentထားခဲ့ပါ၊ နောက်ရက်အကြွေးလာတောင်းပါ့မယ်ခင်ဗျာ ဟတ် ဟတ် ဟတ် ဟတ် ချစ်လို့စတာနော်။ အဆင်ပြေမှရေးပေးပါခင်ဗျာ။

ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆုမွန်ခြွေလျက်
8Yar
11th Sep 2011

Saturday, 10 September 2011

ဘလော့ဂါများအကြောင်း

ကောင်းသောနေ့လေးလို့ ပထမဦးစွာ ကျွန်တော်8Yarမှ လာလည်ကြတဲ့ မောင်နှမများနှင့် စာဖတ်သူများကို နှုတ်ခွန်းဆက်သပါရစေ။

ဒီနေ့တော့ အစ်ကိုဒုTagထားတဲ့ ဘလော့ဂါများအကြောင်းကိုရေးမှာ ဖြစ်ပါတယ်။ မရေးလို့လည်းမရတော့ပါဘူး။ Tagထားတာ တစ်ပတ်လောက်ရှိသွားပြီ။ :P  ဆက်ပြီးအပျင်းထူနေရင် ကျွန်တော်တလေးတစားနဲ့ အစ်ကိုဒုလို့ခေါ်တဲ့ ဒုတိယလူက ပထမလူတို့၊ တတိယလူတို့ကိုခေါ်ပြီး ကျွန်တော်8Yarလေးကို အစ်ကိုမြစ်ကျိုးအင်းကျင်းပနေတဲ့ Blogerပွဲဈေးတန်းမှာ သွားရောင်းပါလိမ့်မယ်။ သူလည်း နှိပ်စက်စရာဆိုလို့ ဒီညီလေးတွေပဲရှိတာဆိုတော့ မပြောသာဘူးပေါ့။ ကိုယ့်အလှည့်ကျရင်လည်း နှိပ်စက်စရာ ဒီအစ်ကိုတွေပဲရှိတာဆိုတော့ ဟွင်းဟွင်းဟွင်းဟွင်း.......

အမှန်တော့ ကျွန်တော်Blog Dayမှာရေးခဲ့တဲ့အတိုင်း ကျွန်တော်ဟာBlogerတွေအကြောင်းသိပ်မသိပါ။ အဲဒါကြောင့် သိတာထက်၊ ထင်တာနဲ့မြင်တာလေးတွေ ရေးပါရစေလို့ ကြိုတောင်းပန်ပါရစေ။

ကဲပြောနေကြာတယ်....... လာလေရော့…...
ကလောင်သွား လျှာမှာတို့ပါလို့..... 
စာရွက်ကို တံတွေးစွတ်ကာ ရေးလိုက်မယ်......
ဘလော့ဂါများအကြောင်း ဖြစ်လေရော့ဟယ်.....

တစ်နေ့တစ်၌ ကျွန်တော်8Yarတစ်ယောက် အိပ်ရာမှနိုးလျှင်နိုးခြင်း မျက်နှာမသစ်၊ သွားမတိုက်၊ ရေမချိုးဘဲ Blogerမြို့လေးထဲသို့ စောင်ပေစောင်ပေနှင့် ထွက်လာခဲ့လေသည်။ သွားရင်းသွားရင်းနှင့် ပထမဆုံးဝင်ဖြစ်တဲ့အိမ်က အစ်ကိုဒုတိယအိမ်ပေါ့။ သူTagထားတာကိုး.. တတ်နိုင်ဘူးဒီလိုပဲ ညစ်ညစ်ပတ်ပတ်နဲ့ဝင်ရတော့မှာပဲ။ :P  အိမ်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ကဗျာတွေကဟိုတစ်စဒီတစ်စ ချိတ်ဆွဲထားလေရဲ့။ အစ်ကိုဒုကိုတော့ အရိပ်အယောင်လေးတောင် မမြင်ရဘူး။ အဲဒါနဲ့ 8Yarတို့လည်း ငတက်ပြားခြေလှမ်းနဲ့ အဲလေ… သူကြီးမင်းခြေလှမ်းနဲ့ တစ်လှမ်းခြင်းဝင်လာခဲ့ပါတယ်။ သူ့ကိုမတွေ့မဲ့အတူတူ ကဗျာတွေကိုပဲလိုက်ကူး..... ဟုတ်ပေါင်... ကဗျာတွေကိုပဲလိုက်ဖတ်ရင်ကောင်းမလား၊ စာတွေကိုလိုက်ဖတ်ရင်ကောင်းမလား စဉ်းစားနေတုန်း.... 
“လုပ်ထားကွ..... ယောက်ဖု။”
“ကြိုးစားထား....”
“ဟုတ်ပြီဟုတ်ပြီ.... ရတော့မယ်။” ဆိုတဲ့ အစ်ကိုဒုရဲ့ သြတောတော၊ ပြာတာတာ၊ အသံကို နံရံတစ်ဖက်ကနေကြားလိုက်ရပါလေရော။ 

အစကတော့ ယောက်ဖုဆိုတဲ့သူ အပင်များတက်နေသလား ဆိုတဲ့စိုးရိမ်စိတ်နဲ့ အပြေးအလွှားသွားစပ်စုကြည့်လိုက်တော့ 
လား...... လား......
ယောက်ဖုဆိုတဲ့လူက အပင်တက်ဖို့နေနေသာသာ၊ ခုံပေါ်တောင်တက်မထိုင်ပါဘူး။ မြေကြီးပေါ်မှာငုတ်တုတ်ကြီးထိုင်ပြီး၊ လက်ထဲမှာလည်းခဲတံတစ်ချောင်းကိုကိုင်လို့ သူ့အရှေ့မြေကြီးပေါ်က စာရွက်ကို စူးစိုက်ကြည့်နေပုံက ကျန်ကျောင်းက ကြွက်ငါးကောင်ကို ခုတ်တော့မဲ့ပုံနဲ့။ ပြောချင်တာက အရမ်းကိုတည်ကြည်တဲ့ စတိုင်လ်နဲ့စူးစိုက်ကြည့်နေတာကို ပြောချင်တာပါ။ မရေးတတ်တော့ တစ်မျိုးဖြစ်သွားမှာစိုးလို့။ :P (ချိတ်ချိုးရဘူးနော် အစ်ကိုယောက်ဖု)
အဲဒါနဲ့8Yarလည်း လိုက်ကြည့်တာပေါ့ ဘာများလဲလို့။ စာရွက်ပေါ်မှာရေးထားတာက 
သူမုန်းတဲ့ ကျွန်တော်” တဲ့.... အဲ့ဒီတော့မှ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ အော်...... ကဗျာရေးဖို့Moodသွင်းနေတာပါလား ဆိုတာ။ 

အစ်ကိုဒုကိုကြည့်လိုက်တော့ ချန်ပီယံလိဂ်ကို အားပေးနေသလား အောက်မေ့ရတယ်။ လက်သီးလက်မောင်းတန်းလို့ မထင်ရင်ကွင်းထဲဆင်းကန်မဲ့ပုံပေါ်နေတာနဲ့ မခေါ်ဘဲလှည့်ပြန်ခဲ့ပါတယ်။ အပြန်မှာ အပိုင်းအစအလွမ်း ဆိုတာလေးကိုကြိုက်တာနဲ့ ဘယ်သူ့မှမပြောဘဲယူလာခဲ့လိုက်တယ်။ ကဲနည်းနည်းမြည်းကြည့်ရအောင်။

"ခုတော့..စစ်ကူမရှီတဲ့အရပ်မှာ ငါတစ်ယောက်ထဲ..
ကိုယ့်ဒုးကိုချွန် ကိုယ့်အရိပ် ကိုနင်း..
ဒရောသောပါးနှင့် အပြေးသွားနေမီ ..
ကမ်းတွေရှီရာအရပ်ဆီသို ......"
Good တယ်ဗျာ.... နော်။

အစ်ကိုဒုအိမ်ကနေထွက်လာပြီး ဘယ်သွားရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း Candyအိမ်က မီးခိုးတွေအူထွက်လာတာနဲ့ ထိတ်ခနဲဖြစ်ပြီး အပြေးသွားခဲ့ပါတယ်။ သူ့အိမ်ရှေ့ရောက်တော့ လူကြီးတွေရော၊ ကလေးတွေပါ တစ်ရုန်းရုန်းနဲ့ ဘာများဖြစ်ပါလိမ့်ဆိုပြီး လူအုပ်ကြီးကိုတိုးဝှေ့ပြီးကြည့်လိုက်တာ Candyတစ်ယောက် 3Dမျက်မှန်ကြီးကိုတပ်၊ ယောင်းမကိုခါးကြားထိုးပြီး တစ်ခုခုကြော်နေပုံကိုတွေ့လိုက်ရတယ်။ 

“ဘာလဲ” လို့ဘေးကလူကို မေးကြည့်လိုက်တော့ လက်တစ်ဖက်နဲ့နှာခေါင်းကိုပိတ်ပြီး နောက်လက်တစ်ဖက်နဲ့ ရေငုပ်တဲ့ပုံကိုလုပ်ပြတယ်။ ကျွန်တော်သိလိုက်ပြီ ငါးဟင်းချက်နေတယ်ဆိုတာ.... ဒါပေမဲ့ သူကြည့်ရတာ ယောင်းမပျောက်နေပုံပဲ။ ဘာပဲဖြစ်ဖြစ်လေ ဒီနေရာကမြန်မြန်ပြေးမှ မဟုတ်ရင် ငါးကြော်ကြွေးနေအုံးမယ်ဆိုပြီး ခပ်သွက်သွက်ထွက်လာလိုက်တယ်။ 

အဲဒီလိုနဲ့ သမီးစံအိမ်နားရောက်တော့ သမံစီးကို ၀င်တွေ့အုံးမှပဲဆိုပြီးဝင်လာခဲ့တယ်။ ၀င်လာလာခြင်း နည်းနည်းအံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်အိမ်လုံးတိတ်ဆိတ်နေလို့လေ။ ကိုယ်ကလည်းသရဲကား နဲ့ အစ်ကိုအောင် Blog ကိုနေ့ခင်းမှကြည့်ရဲတဲ့သူ…တော်ရုံတန်ရုံဆို ပါးစပ်ကအော်ဖို့အဆင်သင့် ဟီး..... ကိုယ့်သူငယ်ချင်းပဲ ကိုယ့်ကိုတော့ မခြောက်လောက်ပါဘူးဆိုပြီး စိတ်တင်းကာဝင်လာခဲ့တယ်။ ခြောက်ရအောင် သူကသရဲမှမဟုတ်တာ နော့။ :P 

ကိုယ့်မှာလည်း ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေရင်း နံရံပေါ်က စာတစ်စောင်ကို မြင်လိုက်တယ်။ အဲဒီစာကိုဖတ်ချင်ရင် ဒီမှာသွားဖတ်ကြည့်။ အနှစ်ချုပ်ကတော့ မြို့တက်ပြီးယောင်္ကျားယူတော့မယ်….အဲလေ…စာမေးပွဲဖြေလိုက်အုံးမယ်တဲ့။ သူ့အိမ်လေးကိုတော့ Blogerမောင်နှမတွေ အပန်းဖြေလို့ရအောင် သော့မခတ်ပဲ ဖွင့်ထားခဲ့တယ်ဆိုပဲ။ အင်း….သာဓုပါဗျား…. နောက်မှ အစ်ကိုချင်းတို့၊ အစ်ကိုမောင်မျိုးတို့ အစ်ကိုမောင်သန့့်် နဲ့အစ်ကိုပီတာတို့ကိုခေါ်ပြီး တစ်ခွက်၊ တစ်ဖလားဆွဲ လိုက်အုံးမှလို့ စဉ်းစားမိတယ်။ ဟင်းနော်… သူများတို့ကို ခွက်ဆွဲ စားတယ်ထင်ရ၀ူးနော်၊ တို့က ခွက်ဆွဲ သောက်တာ။ ခစ်ခစ် ခစ်ခစ် ကလေးတွေမရှိတုန်း လူကြီးတွေသောင်းကျန်းတာပေါ့နော်။ 

လောလောဆယ်တော့ တခြားဖက်ရွေ့လိုက်အုံးမယ် ဆိုပြီး Blogerလမ်းမကြီးအတိုင်း ထွက်လာလိုက်တယ် ဆိုရင်ပဲ ဗိုက်နာချင်သလိုလို ဖြစ်လာတာနဲ့ ကိုယ်လည်းနေအကောင်းကြီးမဟုတ်လေတော့ တခြားအိမ်တွေကို နောက်မှပဲသွားကြည့်တော့မယ်ဆိုပြီး လှည့်ပြန်လာခဲ့ပါတယ်။ 

အစ်ကိုဒုရေ အကြွေးဆပ်လိုက်ပြီနော်။
အပေါ်မှာဖော်ပြခဲ့သော ဘလော့မောင်နှမများခင်ဗျာ။ လွန်တာရှိရင် ဝန္တာမိပါခင်ဗျာ။ ပျော်စေချင်ယုံသက်သက်နဲ့ရေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ မကြိုက်တာများပါသွားခဲ့ရင် ကျွန်တော်ပြန်ပြင်ပေးပါ့မယ်လို့ တောင်းပန်ရင်း ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

8Yar
9th Sep 2011

Wednesday, 7 September 2011

ကျေးဇူးတင်လွှာ




မင်္ဂလာပါခင်ဗျာ။ ကျွန်တော်8Yar နေအတော်အတန်ကောင်းသွားပြီ ဖြစ်ပါသဖြင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားဆိုပါရစေခင်ဗျာ။

ကျွန်တော် ကျေးဇူးတင်စကားဆိုလိုသူများကတော့.....

ကျွန်တော့ရဲ့ တောင်းပန်ခြင်း Post တင်တင်ခြင်းအပြေး Comment လာပေးတဲ့၊ ကျွန်တော်က တစ်ခါတစ်ခါ သမံစီးလို့ခေါ်ရတဲ့ အစ်မသမီးစံ

ကျွန်တော်ကို ဆုတောင်းပေးသွားတဲ့ အစ်ကို MGTHANT

ကျန်းမားရေးဂရုစိုက်ပါလို့ မှာသွားတဲ့ အစ်မ Angelhlaing(May everybody be happy and healthy!

ကဲ ဖြစ်ပြီ... ဘာတွေသွားစားလို့တုန်း... ဆိုပြီး စိုးရိမ်သံနဲ့ အတူ CBox မှာဝမ်းနည်းသွားရှာတဲ့ ကျွန်တော့ရဲ့ အခင်ရဆုံးသူငယ်ချင်း Candy

ကျွန်တော့ကို ဆုတောင်းပေးပြီး link ထားသွားမပေးတဲ့ Gyidaw

နေကောင်းပြီးကျန်းကျန်းမာမာနဲ့အရင်လိုလမ်းသလားနိုင်ပါစေ..လို့ ဆုတောင်းပေးသွားပေးတဲ့ အစ်ကိုချင်း

အမြန်ဆုံးနေကောင်းလာစေကြောင်း ဆုတောင်းပေးတဲ့ အလင်းသစ်

ကျွန်တော်အားရှိအောင် အမြဲလာလာအားပေးတဲ့ အစ်ကိုမောင်မျိုး

စိတ်တပူတပန်နဲ့ Comment လာပေးရှာတဲ့ အစ်မကြီး မဒိုးကန်

အမြန်ဆုံး နေကောင်း ကျန်းမာပါစေနော် ဆိုတဲ့ အစ်မမိုးခါး

ကျွန်တော့ဆီလာလည်တိုင်း Comment မထားတတ်တဲ့ အစ်မ ခင်ဦးမေ

Comment လေးတွေနဲ့အတူ ဆုတောင်းလေးတွေ ရေးပေးတတ်တဲ့ အန်တီတင့်

ခရီးကပြန်ရောက်ရောက်ချင်းအပြေးလာမေးတဲ့ အစ်ကိုဒု ခေါ် ဒုတိယလူ

ကျွန်တော်လေးစားရတဲ့ ချယ်ရီမြေမှ ဘုန်းဘုန်း နှင့်

စာမချန်ခဲ့ပေမယ့်  စိတ်ထဲကနေပြီး ဆုတောင်းပေးသွားကြတဲ့ ဘလော့ကာ မောင်နှမများနဲ့ စာဖတ်သူအပေါင်းတို့ကို ကျွန်တော်ရင်ထဲ၊ အသဲထဲ ကနေ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေခင်ဗျာ။

ကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျာ။
8Yar
7th Sep 2011

Saturday, 3 September 2011

တောင်းပန်ခြင်း

မင်္ဂလာပါခင်ဗျာ။
ကျွန်တော်8Yarမှာ အူအတက်ရောင်၍ နေမကောင်းပါသဖြင့် Postအသစ်များမတင်နိုင်သောကြောင့် Blogerမောင်နှမများနှင့် စာဖတ်သူအားလုံးတို့ကို အနူးအညွတ်တောင်းပန်ပါသည်ခင်ဗျာ။

အားလုံးအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

8Yar

3rd Sep 2011