Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, 25 August 2018

သား


ရွှန်းလဲ့တဲ့ အကြည့်
ချိုလိုက်တဲ့ အပြုံး
လုံးဝိုင်းတဲ့မျက်နှာ
နူးညံ့တဲ့ အသား

တစ်ချက် တစ်ချက် လှုပ်ခတ်သွားတဲ့ လက်အလွှဲ
တိမ်တွေအပေါ် ခုန်တက်မလားထင်ရတဲ့ ခြေဟန်
အရာရာတိုင်းက စည်းချက်မညီပေမယ့်
နူးညံ့တဲ့ တေးသွားတစ်ပုဒ်လို
ဒီရင်ကို အေးမြကြည်လင်စေတယ်..
သား...

8Yar
2nd Jul 2018

Thursday, 31 January 2013

အမေး



လေထဲမှာ အိမ်မက်တွေကို လိုက်ဖမ်းကြည့်တယ်
လက်သာနာသွားတယ် ဘာမှမရလိုက်ဘူး။

ခပ်ရေးရေး အတွေးတွေကို ပုံဆွဲကြည့်တယ်
စိတ်တွေသာပွန်းသွားတယ် ဘာမှအရာမထင်ဘူး။

အထပ်ထပ်အခါခါထိ အားမထုတ်ချင်တာလား?
မပေးဆပ်ရဲလို့ ရောင့်ရဲတာလား?

အသစ်တွေဖြစ်ဖို့ဆိုရင် အဟောင်းတွေ စတေးရမှာပေါ့
ဟုတ်ပြီလေ
လောကကြီးအတွက် ဘာတွေ စတေးသင့်သလဲ ???

8Yar
31st Jan 2013

Saturday, 8 December 2012

အလင်း


ညက ဆိတ်တယ်
ကြယ်တွေတောင် ခပ်တိုးတိုးပဲနေကြတယ်
အိမ်မက်တွေ ရှာမတွေ့လို့ ငါတော့ အထီးကျန်တာပဲ....

ဝိုးတဝါးနဲ့ အလင်းတစ်ခုကို ငါတွေ့တယ်
လိုက်ကြည့်မိတော့ အမှောင်ထဲကို ဝင်ပြေးသွားတယ်
ဘယ်မှာလဲ ချစ်သူ
မင်းပြောတဲ့ အာဒမ်ရဲ့ ဥယျာဉ်ဆိုတာ....

ခပ်လဲ့လဲ့ အလင်းယိုင်တွေကိုတော့တွေ့တယ်
ဒါကိုတော့ သစ်ပုတ်ပင်လို့တော့မပြောပါနဲ့
ငါကို တစ်ခေါက်လောက်တော့ ပညာရှိခွင့်ပေးပါ.....

အရာရာတိုင်းမှာ တန်ပြန်စွမ်းအားရှိတယ်ဆို
ဘာလို့ နေထိုးတဲ့နံရံဟာ အလင်းမပြန်ရတာလဲ....

ထားပါလေ....
အိမ်မပြန်တတ်တဲ့ ငှက်လိုတော့ အိပ်တန်းမတက်ချင်ဘူး
အသိစိတ်တွေ မခမ်းခြောက်ခင်
အလင်းပေါ်တဲ့ အထိတော့ စောင့်ခွင့်ရချင်ပါရဲ့....

8Yar
8th Dec 2012

Thursday, 13 September 2012

ကျွန်တော်ဖြေမယ်



ကီးဘုတ်သံတွေကြားတယ်
ရင်းနှီးပေမယ့် မကျွမ်းကျင်တဲ့ စကားလုံးတွေနဲ့ ဖောင်ဖွဲ့နေတယ်။

မဲ့သံ ရွဲ့သံတွေနဲ့ အတူ
ဝမ်းနည်းတတ်သူ အချို့ရဲ့
ရှိုက်သံတွေ၊ ဟန်ဆောင်အပြုံးတွေကို မြင်နေရတယ်။

အမှန်တရား ဆိုတာထက်
သဘာဝကျတာကို ပိုအလေးထားကြတာလား??

စေတနာ ဆိုတာ
သရုပ်ပြကောင်းတဲ့သူတွေရဲ့ နှုတ်ခမ်းအောက်မှာ ပျက်ပြားသွားရမှာလား??

အမှားဆိုတာ
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်နံပါတ်လို့ ထင်နေကြတာလား??

ထားပါတော့လေ
ခင်ဗျား မပြောလဲ ကျွန်တော်ဖြေမယ်
စလုံးမှာ အသက်ကို ငုံ့ပြီးရှူတတ်ဖို့လိုမယ် ဆိုတာ.....

8Yar
13rd Sep 2012

Tuesday, 24 April 2012

ဒီနေ့



ဒီနေ့ တိမ်တွေမှာ အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
လှပေမယ့် ညစ်ကျယ်ကျယ်နိုင်နေတယ်....

ဒီနေ့ စိတ်တွေမှာ အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
သိပေမယ့် ပြုံးနေလိုက်တယ်....

ဒီနေ့ စကားတွေမှာ အကာတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
ချိုပေမယ့် အဝင်ဆိုးနေတယ်....

ဒီနေ့ မျက်ရည်တွေမှာ အတ္တ္တတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
မြင်နေပေမယ့် ယုံလိုက်မိရင် သေသွားနိုင်တယ်...။

8Yar

24th Apr 2012

Friday, 13 April 2012

ငါကြားတယ်.... ငါကြားချင်သေးတယ်....



ငါကြားတယ်
အေးမြတဲ့ မိုးနံ့နဲ့
ပူပြင်းပြင်း လေသံကို....

ငါကြားတယ်
သင်းပျံ့တဲ့ အဝါပန်းနဲ့
နူးညံ့တဲ့ တေးသံကို....

ငါကြားတယ်
ဝင်းပတဲ့ ပြုံးအလှနဲ့
ညွှတ်ပျောင်းတဲ့ 'က'သံကို....

ငါကြားတယ်
ရှင်းသန့်တဲ့ မေတ္တာနဲ့
'ငါ' ကင်းတဲ့ တရားသံကို....

ဟုတ်တယ်..
ငါကြားချင်သေးတယ်
ရှင်းသန့်တဲ့ မေတ္တာနဲ့
အတ္တကင်းတဲ့ တရားသံကို....

8Yar

13rd Apr 2012

Monday, 19 March 2012

ကဗျာတစ်ပုဒ်



သတိနဲ့ အသိကြားမှာ
ဝေးကွာမှုတော့ ရှိမယ်....

အပေးနဲ့ အယူကြားမှာ
ဆွဲဆောင်မှုတော့ ရှိမှာပဲ....

ပေးချင်ပေမယ့်
ယူလို့မရတဲ့ ဘဝ....

တွေးချင်ပေမယ့်
ပျော်လို့မဝတဲ့ အကျင့်တွေကြောင့်....

စားပွဲပေါ်က ဖုံတစ်စရဲ့
သမိုင်းလည်း ပျက်ခဲ့ရပြီ....

ပေးထားတဲ့ သရုပ်ပျက် ယဉ်ကျေးမှုကို
သမိုင်းတွင်စေတာကတော့
သမိုင်းဆရာတွေရဲ့ အတ္တပေါ့....

အမှန်ပြောရရင်
ခင်ဗျားတို့ တွေးထားတဲ့ ဇာတ်ရုပ်ထက်
ပရိတ်သတ်ရင်ထဲက ဇာတ်ထုတ်က ပိုတောက်ပပါတယ်...

ရေးချင်တာအတွက် တောင်ပံတစ်စုံ ပေးမယ်ဆိုရင်
ကဗျာတစ်ပုဒ်ဟာ
ကမ္ဘာကိုတောင် ကလောင်ထိပ်ပေါ်တင်ပြီး
လှည့်ပစ်ရဲတယ်။.......

8Yar

19th Mar 2012

Wednesday, 29 February 2012

သိနေပေးပါ။



အဝေးကတိမ်တွေကို ကြည့်တယ်
ရင်ထဲမှာတော့ ဗလာပဲ
သူ့လောက်မှ အမှတ်မကြီးတာ
ဘာကျန်ခဲ့မယ် ထင်လို့လဲ....

ရပါတယ်
ပေးဆပ်သူလို့ ဟစ်ကြွေးနေမှတော့
ငါ့နှလုံးသားပေါ် ဓားလေးတင်ပြီး
ဆွဲခြစ်ခဲ့တာကို ထုတ်မပြတော့ပါဘူး....

ဒါပေမယ့်
မင်း တခါတခါကျတဲ့ မျက်ရည်တွေဟာ
ငါ့နှလုံးသားကို ကျိန်းစပ်စေတယ်ဆိုတာ
မမြင်ပေမဲ့ သိနေပေးပါ....။

8Yar

29th Feb 2012

Tuesday, 21 February 2012

အမှားရဲ့ တံလျှပ်



တနေ့က
အိမ်မက်တွေ မက်တယ်။
ငါ့ဆီမှာ
ဆူးရှတဲ့ ကြယ်တွေ ရှိတယ်တဲ့....

တနေ့က
စိတ်ကူးတွေ တက်တယ်။
ငါဟာ
ကျဉ်းမြောင်းတဲ့ စကြာဝတေးမင်းတဲ့....

တနေ့က
ချစ်သူက ပြောတယ်။
နင်ဟာ
ပုံသဏ္ဍာန်မမှန်တဲ့ ကျောက်ဆောင်တဲ့....

တနေ့က
လောကကြီးက ပြောတယ်။
အမှန်လေးရှိရင်
ခဏပြပါတဲ့.....

အဲ့ဒီနေ့ကပဲ
ကျွန်တော်...
အမှားတွေအများကြီး ထုတ်ပြမိလေရဲ့....။

(မှတ်ချက်။ "ဆူးရှ" သည် စူးရှ ခြင်း အဓိပ္ပါယ်မဟုတ်သောကြောင့် ဆလိမ်ဖြင့် သက်သက် "ဆူး" ထားခြင်းဖြစ်ပါသည်။)

8Yar

21st Feb 2012

Wednesday, 7 December 2011

အိုမင်းခြင်းရဲ့ ရုပ်ပြ


ရာသီတွေ ခါလီပြကာ
နှစ်တွေလဲ ကုန်တော့မယ်
စိတ်ဓာတ်တွေဟာ အရောင်အမျိုးမျိုးပြောင်းလို့
အိုမင်းရင့်ရော်စပြုနေပြီ.....

တွေးမယ်လို့ ကြံလိုက်တိုင်း
အရာရာဟာ ခမ်းခြောက်နေလေရဲ့
အတိတ်တွေမှာ ဝေဒနာရှိရင်
ငါတော့ သေရာပါ ဒဏ်ရာတွေနဲ့ လှမလားပဲ.....

ထားပါတော့
တောမဟုတ်တဲ့ မြို့ပြကောက်ကြောင်းပေါ်မှာ
ငါမသိတဲ့ စိတ်တစ်ခုနဲ့ ရှင်သန်နေခဲ့တာ
အခုဆို နေတောင် စောင်းလုပြီ.....

8Yar

7th Dec 2011

Saturday, 8 October 2011

လူ....


လူဆိုတာ...
အိပ်နေရင် မျက်လုံးမှိတ်မယ်၊
နိုးနေရင် လျှောက်လုပ်မယ်။

လူဆိုတာ...
လေနဲ့ ရေရှိမှ အသက်ရှင်တယ်၊
ဒါပေမယ့် အချို့က ငွေရှိမှ လူလို့ထင်တယ်။

လူဆိုတာ...
အမြဲတန်း ဦးနှောက်ရှိပေမယ့်၊
တခါတလေမှာ အသုံးမကျဘူး။

လူဆိုတာ
တခါတရံမှာ အမှန်ပြောတတ်ပေမယ့်၊
စကားစုတိုင်းမှာ မုသားပါတက်တယ်။

အဲ့ဒါကြောင့်
လူဆိုတာ....
ကြင်နာတတ်ပေမယ့် ရက်စက်ပြချင်သူ။
ဝမ်းနည်းနေပေမယ့် ပျော်ရွှင်ပြမဲ့သူ။
ရှာဖွေတတ်ပေမယ့် မကျင့်ကြံနိုင်တဲ့သူ။

လို့..... ဆိုရင် မှန်နိုင်ပါ့မလား???

8Yar
8th Oct 2011

Monday, 19 September 2011

မြစ်ဧရာ ခေါ် ဧရာဝတီ



ဆို့နင့်တဲ့ ရင်နဲ့ဝေဒနာ
သေရာပါ နာကျင်လှတယ်
မြစ်ဧရာကို ပေးမတဲ့လား.....

သူကျွေးခဲ့ သားစဉ်မြေးဆက်
သမိုင်းတွင်မဲ့ နေ့ရက်တွေနဲ့
မြစ်ဧရာကို ပေးမတဲ့လား.....

မျက်ရည်နဲ့ တောင်သူမျက်နှာ
ကြေကွဲစွာ အနာဂတ်မဲ့တယ်
မြစ်ဧရာကို ပေးမတဲ့လား.....

နိုးတစ်ဝက်နဲ့ ရေလုပ်သားအိမ်မက်
ဆိုးရိုင်းစွာ မြင်မက်ရတယ်
မြစ်ဧရာကို ပေးမတဲ့လား.....

ပြောပြစမ်းပါ.... ပြောစမ်းပါ....
မြစ်ဧရာကို ပေးမတဲ့လား.....
မြစ်ဧရာကို ပေးမတဲ့လား.....

ဒီကဗျာလေးကို ကျွန်တော်ကြေကြေကွဲကွဲရေးခဲ့ရတာပါ။ ဧရာဝတီမြစ်ကြီး ပျောက်ဆုံးသွားခဲ့ရင် ဆိုတဲ့ ခံစားချက်ဟာ ကျွန်တော့ရင်ကို အကြီးအကျယ်ဆို့နင့်စေပါတယ်။ ကျွန်တော့ကဗျာလေးက ဧရာဝတီမြစ်ကြီးအတွက် အုပ်တစ်ချပ်မဟုတ်တဲ့ သဲတစ်ပွင့်ဖြစ်ခွင့်ရရင် ဖြစ်ပါရစေခင်ဗျာ။

ကြေကွဲစွာဖြင့်
8Yar
19th Sep 2011

Saturday, 17 September 2011

အမှန်



အပြင်မှာ မိုးကျတယ်
အိမ်မှာ တစ်ယောက်တည်း

နာရီတွေ များတယ်
အချိန်တွေ ရှားတယ်

တွေးစရာနဲ့ ရေးစရာ မရှိပေမယ့်
ငါ့မှာ ပေးချင်တာတော့ ရှိတယ်

ခပ်ပျော့ပျော့ လေတစ်ချက်ကြောင့်
ပြင်းထန်တဲ့လှိုင်းတံပိုး ငါ့ရင်မှာထိတယ်

သိတယ်
ဒါပေမယ့်မပြောချင်ဘူး

ပြောလို့ရတဲ့ စကားတွေကျတော့
မုသားစစ်စစ်တွေ ဖြစ်နေတယ်

ကဲ.... ငါဘာလုပ်ရမလဲ?

8Yar
17th Sep 2011

Friday, 26 August 2011

နေရာ

ဒီနေ့ဘလော့တွေလိုက်လည်တော့ သူငယ်ချင်းတွေဖြစ်တဲ့ ကန်ဒီ နဲ့ သမီးစံ တို့ဆီမှာ Blog Day အတွက် Post တင်ထားတာဖတ်ရပါတယ်။ ကန်ဒီ ကကျွန်တော့ကို Tag ပြီး၊ သမီးစံ ကတော့ ကျွန်တော်တင်ထားပြီးသားမို့မ Tag တော့ပါဘူးလို့ဆိုပါတယ်ခင်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့ ဘလော့မောင်နှမတွေနဲ့ ကျွန်တော်ကို Tag ထားတဲ့ ဘလော့ကာ အစ်ကို၊ အစ်မတွေ အားလုံးကိုလေးစာတာကြောင့် ဘလော့ဒေး အတွက် ကဗျာတိုလေး ကြိုးစားရေးပြီး တင်လိုက်ပါတယ် ခင်ဗျာ။


နေရာ

တကယ်ပါ
မရောက်ဖူးရင် ခေါ်ပြလိုက်ချင်
မိတ်ဆွေစစ်တွေ ရှိတဲ့နေရာ
 
တကယ်ပါ....
မမြင်ဖူးပေမယ့် ခင်ဖူးရင်
တစ်သက်မမေ့မဲ့ သူတွေရှိတဲ့နေရာ
 
တကယ်ပါ....
ပေးချင်ယုံသက်သက်နဲ့
အတွေးတွေကို ကောက်ကြောင်းဆွဲ
နှလုံးသွေးတွေကို လက်နဲ့ရေးတဲ့နေရာဟာ
ငါတို့ ဘလော့ကာတွေရဲ့ တည်နေရာ....။    ။
 

ကောင်းသောနေ့လေးဖြစ်ကြပါစေ။
8Yar
26th Aug 2011