Thursday 15 September 2011

အသဲပျော့လူသား



တီးတီးတီးတီး.... တီးတီးတီးတီး....
နံနက်အလင်းရောင်နဲ့အတူ နှိုးစက်သံသည် နေမိုးထံသို့ တိုးဝင်လာခဲ့လေသည်။ နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးနှင့်နေပြီ။ ဒီနေ့ ချစ်သူလေး၏မွေးနေ့ ဘုရားအတူသွားရန် လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကတည်းက စီစဉ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ကပ်မှစီစဉ်လျှင် ပျက်တတ်သောကြောင့်ပင်ဖြစ်သည်။ တကယ်လည်း ပျက်ခဲ့ပေါင်းလည်းများလှပြီ။ အကြောင်းမှာ နေမိုး၏ နောက်ကျခြင်းကြောင့်သာဖြစ်ရပါသည်။ ဒီတစ်ခါတော့ နောက်ကျ၍မဖြစ်......

နေမိုး တစ်ယောက်အိပ်ယာမှထကာ ရေမိုးချိုး၊ အဝတ်အစားလဲလိုက်သည်။ အိမ်မှမထွက်ခင် ဒီနေ့ဝတ်ထားသော အဝတ်အစားကို မှန်ရှေ့ရပ်ခါ တခေါက်ပြန်စစ်လိုက်သည်။ အင်္ကျီမှာ ရှပ်လက်ရှည်အကွက်ဝတ်ဆင်ထားပြီး အင်္ကျီလက်ကို တံတောင်ဆစ်နားထိ ခေါက်တင်ထားသည်။ ဘောင်းဘီကိုတော့ အရောင်ပျက်ဖြင့်ပုံဖော်ထားသော ဂျင်းပင်ကိုဝတ်ဆင်ထားသည်။ ကိုယ့်ကိုကိုယ်တော့ မဆိုးဟုဆုံးဖြတ်ကာ ပိုက်ဆံအိတ်၊ ဟန်းဖုန်းနဲ့ အိမ်သော့ ကိုယူကာ ထွက်လာခဲ့လိုက်သည်။ 

နေမိုးလမ်းပေါ်ရောက်တော့ ရှစ်နာရီထိုးနေလေပြီ။ ချစ်သူနဲ့ချိန်းထားတာက ကိုးနာရီ။ MRTဟုခေါ်သော ရထားကိုစီးလျှင် ချိန်းထားတဲ့နေရာကိုရောက်ဖို့ လေးဆယ့်ငါးမိနစ်လောက်ကြာမည်။ ရထားဂျန့်ဖြစ်လျှင် သေချာပေါက်နောက်ကျပေလိမ့်မည်။ ထို့ကြောင့် Taxiဖြင့်သွားမည်ဟုဆုံးဖြတ်ခါ  Taxi Stand ရှိရာသို့လျှောက်လာခဲ့သည်။ Taxi Stand တွင်လူသိပ်မရှိ၊ ထို့ကြောင့်ဝင်၍တန်းစီလိုက်သည်။ တစ်ဆယ့်ငါးမိနစ်အတွင်း နေမိုးအရှေ့ကလူတွေရှင်းသွားလေသည်။ ဒီတစ်ခါ Taxiလာလျှင် နေမိုးအလှည့်၊ စောင့်သည်......

အချိန်တွေတဖြည်းဖြည်းကုန်လာသလို အမိုးမရှိသော Taxi Stand တွင်လည်း နေကတဖြည်းဖြည်းပူလာလေသည်။ အနောက်သို့လှည့်ကြည့်လိုက်ရာ အားပါးပါး...... Taxiစီးမဲ့လူတွေ တစ်မျှော်တစ်ခေါ် တစ်တန်းကြီးဖြစ်နေတော့လေသည်။ မရှိဘူးဆိုရင်တောင် အနည်းဆုံး တစ်ဆယ့်လေးယောက်၊ တစ်ဆယ့်ငါးယောက် လောက်ရှိပေမည်။ နေမိုးတစ်ယောက်နောက်ကျမှာ စိုးရိမ်လာသည်။ နောက်ဆယ်မိနစ်မှ Taxiမလာရင် နေမိုးတစ်ယောက် ပြဿနာတက်ပြီ။ နာရီလက်တံတွေ တစ်ရွေ့ရွေ့ကုန်သွားသလို Taxi Standတွင်မစောင့်နိုင်၍ ထွက်သွားသူများရှိသကဲ့သို့ ထပ်ရောက်လာသူများလည်း မနည်းလှပေ။ 

ဒီလိုနဲ့ ကိုးနာရီထိုးဖို့ မိနစ်နှစ်ဆယ်အလိုတွင် Taxiတစ်စီး နေမိုးဦးဆောင်နေသော လူတန်းရှည်ကြီးရှိရာသို့ ဦးတည်လာလေရာ နေမိုးမှာ ရင်တခုန်ခုန်နှင့်စောင့်နေမိသည်။ ထိုTaxiသည် အနီးသို့တိုးဝင်လာချိန်တွင် နေမိုး၏မျှော်လင့်ချက်များ တစ်စစီကွဲထွက်သွားသည်။ အကြောင်းမှာ Taxi က On Callဖြစ်နေသောကြောင့်ပင်တည်း။ (On Call ဆိုသည်မှာ Taxiကိုဖုန်းဖြင့်လှမ်းခေါ်ထားသော Taxiများကိုခေါ်ခြင်းဖြစ်သည်။) On Callခေါ်ထားသူမှာ နေမိုးကိုဖြတ်ကျော်ကာ ကားလေးပေါ်သို့ ကျော့ကျော့မော့မော့လေး တက်သွား သွားပေမယ့် နေမိုးမှာ ကြေကွဲ၍ကျန်ခဲ့လေသည်။ သို့သော် ငါးမိနစ်ပင်မပြည့်မီ နောက်Taxiကားတစ်စီးဝင်လာလေသည်။ ဒီတစ်ခါတော့ ကံကြမ္မာကနေမိုးအား မျက်နှာသာပေးချေပြီ။ 

Taxiမှာ နေမိုးရှေ့သို့ငြိမ့်ညောင်းညင်သာစွာ ထိုးရပ်ပေးလိုက်တယ်ဆိုရင်ပဲ နေမိုးမှာTaxiကားရှိရာသို့ ကြွကြွရွရွလေး လျှောက်သွားလိုက်သည်။ ပြီးတော့ ကားတံခါးကို ဟန်ပါပါဆွဲဖွင့်လိုက်ပြီး ကျန်ခဲ့သောလူတန်းရှည်ကြီးကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် တစ်ချက်ဝှေ့ကြည့်လိုက်သည်။ ထိုသို့ဝှေ့ကြည့်လိုက်စဉ် မျက်ဝန်းထောင့်တွင် ရိပ်ခနဲမြင်လိုက်သည်ကား ပူပြင်းလှသောနေရောင်အောက်တွင် ခပ်ယဲ့ယဲ့ရပ်နေသော အသက်ခြောက်ဆယ်ကျော် အဖွားအိုနှင့် သူမ၏ဘေးတွင် ကြာကြာမရပ်နိုင်၍ Taxi Stand၏လက်ရမ်းကို အားပြုကာရပ်နေရှာသော အသက်ခုနှစ်ဆယ်ကျော် အဖိုးအိုတို့ပင်ဖြစ်သည်။ သူတို့ရပ်နေသည့်နေရာမှာ လူတန်းရှည်၏ တစ်ဝက်လောက်တွင်ဖြစ်သည်။ နေမိုး၏စိတ်ထဲသို့ ဝေဒနာတစ်မျိုးတိုးဝင်လာလေသည်။ နေမိုးတွင်ရွေးချယ်ရန်မရှိပါ။ သူ၏အာရုံတွင် ချစ်သူလေး၏မျက်နှာနှင့် စကားသံများပေါ်လာလေသည်။  နေမိုးတစ်ယောက် ကားတံခါးဘောင်ကို ခပ်တင်းတင်းဆုပ်ကာ မျက်စိမှိတ်၍ဆုံးဖြတ်ချက်ချလိုက်သည်။ 

ထို့နောက် ကားထဲသို့ကိုယ်တစ်ပိုင်းဝင်၍ ကားဆရာအားခဏစောင့်ပေးပါရန်ပြောပြီး အဖိုးအိုနှင့်အဖွားအိုရှိရာသို့ လျှောက်ကာ 
“အဖိုးတို့အတွက် Taxiရောက်ပါပြီခင်ဗျာ”ဟုဆိုလိုက်ရာ 
အဖိုးအိုမှာ အံ့သြတစ်ကြီးမော့ကြည့်လေသည်။ အဖွားအိုမှာလည်း ရုတ်တရက်ကြောင်၍ ဝေခွဲမရသောအကြည့်ဖြင့်ကြည့်လေသည်။ 
ထို့နောက်အဖွားအိုမှာ သတိရလာလေဟန်ဖြင့် “ရပါတယ်ကွယ်၊ လူလေးလည်းသွားစရာရှိမှာပေါ့” ဟုဆိုရာ
နေမိုးက “ဟုတ်ကဲ့၊ ကျွန်တော်အချိန်ရပါသေးတယ်ခင်ဗျာ၊ အဖွားတို့ခရီးဆက်နှင့်ပါ၊ ကျွန်တော်နောက်မှစီးပါ့မယ်ခင်ဗျာ”  ဟုဆိုကာ သူတို့တန်းစီနေသောနောက်တွင်ဝင်ရပ်လိုက်သည်။ 
အဖိုးအိုမှာလွန်စွာကျေးဇူးတင်သည့်ဟန်ဖြင့် “ကျေးဇူးပါလူလေးရယ်”၊ အဖွားအိုမှာလည်း “ကျေးဇူးတင်ပါတယ်ကလေးရယ်” ဟုအသီးသီး ဆိုကာ ကားဆီသို့ဖြေးဖြေးချင်းလျှောက်သွားလေသည်။ 

 နေမိုးမှာ ပြုံး၍ကြည့်နေရင်း ပီတိသည် အရှိန်အဟုန်ကြီးမားလာသည်ဖြစ်ရကား ကြက်သီးများပင်ထသွားလေသည်။ ထို့နောက် နေမိုးရေရွတ်မိသည်ကား 
"ကိုယ့်မှာအရမ်းမာတဲ့ အသဲတစ်စုံမပိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါချစ်သူ.........." ဟူ၍ဖြစ်လေသတည်း။

 ကောင်းသောနေ့လေးဖြစ်ပါစေ။
8Yar
15th Sep 2011

12 comments:

Candy said...

နေမိုးချစ်သူက ခွင့်လွှတ်ပါတယ်တဲ့... :D
အမှန်အတိုင်းပြောရရင် စာမရေးဘူးလားဆိုပြီး စွာမလို့ရောက်လာတာ... ရေးပြီးသားဖြစ်နေပြန်ပြီ... 8yar တို့ ကံသိပ်ကောင်းနေတာ.. ဟားဟားဟား.. xD

Anonymous said...

နေမိုးကောင်မလေးခွင့်မလွှတ်ရင်
အစ်မဆီလွှတ်လိုက်အိပ်ရာ :P
သေသေချာချောက်တွန်း..အဲ..ရှင်းပြပေးလိုက်ပါ့မယ်း)
ဇာတ်လမ်းလေးကိုဆက်ရေးပေးမယ်နော်..။
ဖြစ်ချင်တော့အဲဒီအဖိုးအဖွားစုံတွဲက..နေမိုးမမြင်ဖူးတဲ့
နေမိုးကောင်မလေးရဲ့
အဖိုးနဲ့အဖွားဖြစ်နေပါသတတ်းP
ထို့နောက်မတော့..နေမိုးတစ်ယောက်.......!
(ဆက်တွေးတော့ဆရာ...ဟဲဟဲ)
ခင်မင်စွာဖြင့်
သမီးစံ

စံပယ်ချို said...

ချစ်သူကခွင့်လွတ်မှာပါစိတ်မပူပါနဲ့
ခွင့်မလွတ်ရင်လဲ အသဲကွဲကဗျာတွေရတာပေါ့။

ချယ်ရီမြေ said...

8yar ရေ... ဘုန်းဘုန်းဆိုတော့လဲ အသဲအားဆေးများများစားပါ လို့ပဲ တိုက်တွန်းလိုက်ပါရစေ(P)

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

8Yar said...

Candy > ဟတ်ဟတ်ဟတ်ဟတ် တော်သေးတာပေါ့ဂျာ။ ဒီလောက်ကံကောင်းနေတာ ထီလေးတစ်စောင်လောက်တော့ထိုးအုံးမှ... ခစ်ခစ် အင်းပြီးတော့ခွင့်လွှတ်တယ် ဆိုပဲ။ နေမိုးနဲ့တော့ တစ်ခုခုပဲ။ :P

သမီးစံ > တိန်! ကျွန်တော့မင်းသားမှာ အန္တရာယ်တွေဝိုင်းနေပါလားနော်။ ကျွန်တော်ဆက်တွေးတာတော့ နေမိုးကောင်မလေးရဲ့
အဖိုးနဲ့အဖွားက နေမိုးကိုမြင်တော့ "အာဒီကောင်လေးက ငတုံးလေး မကြိုက်ပါနဲ့လားမြေးမလေးရယ်" တဲ့ :P

jasmine(တောင်ကြီး) > ဟားဟားဟား ဟုတ်အစ်မjasmine။ အမျှော်မြင်ကြီးပါပေတယ်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

ချယ်ရီမြေ > ဟီး ဟီး တင်ပါ့ဘုရား။ အသဲမာဆေးရှိရင်လဲ ညွှန်ပေးပါဘုရား။ :P ကောင်းသောနေ့လေးဖြစ်ပါစေ။
(ဘုန်းဘုန်းရဲ့ Comment လေးတွေက Spam ဆိုပြီး Spam ဖက်ကိုဝင်ဝင်သွားတယ်ဘုရား။ ဘာဖြစ်လို့လဲဆိုတာကို တပည့်တော်မသိပါဘူးဘုရား။ အရှင်ဘုရားသိရင်ပြောပြပေးပါ ဘုရား။)

TZH1985 said...

ဘယ်နှယ့် အမ်အာတီက ဂျန့်ရတာတုန်း ... :D

ဘာပဲဖြစ်ဖြစ် သာဓုပါကွယ် :D

8Yar said...

MGTHANT > ဒီလိုပါအစ်ကို တခါတလေ MRT က ရပ်ပြီးလူတွေ အကုန်ဆင်းခိုင်းတာတို့၊ ရပ်ပြီးလူမတင်ပဲ ဟောင်းလောင်းကြီး ပြန်ထွက်သွားတာတို့၊ ဘူတာတစ်ခုနဲ့ တစ်ခုကြားမှာရပ်နေတာတို့ကို ဆိုလိုချင်တာပါ။ ကျွန်တော်ပြောနေကြအတိုင်းပဲ သုံးလိုက်မိတဲ့အတွက် မှားသွားရင် ခွင့်လွှတ်ပေးပါခင်ဗျာ။ ဖြစ်နိုင်ရင် ဘယ်လိုသုံးရမယ်ဆိုတာလေးပါ ပြောပြပေးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

Unknown said...

အရမ်းကောင်းတာပဲ ကို8yar ရေ့
အားပေးသွား ပါတယ်ဗျာ..


လေးစားခင်မင်လျှက်
(ဒုတိယ)

8Yar said...

ဒုတိယလူ > ကျေးဇူးပါအစ်ကိုဒုရေ။ ကောင်းသောညခင်းလေးဖြစ်ပါစေခင်ဗျာ။

မိုးခါး said...

ဟွန် .. မိုးခါးကတော့ တက်စီဆို အကျိုးမပေးဘူးဗျ .. အရေးကြီးလို့ ငှားသွားလိုက် လမ်းမှာ မီးပွိုင့်ဂျန့်တာနဲ့ တိုးပါရောလား .. ဒီတော့ များသောအားဖြင့် MRT နဲ့ ကုန်းကြောင်းပဲ အားကိုးတယ် .. :D

နောက်တခါ ချိန်းရင် နောက်မကျအောင် ကောင်မလေးအိမ်နားက ကစားကွင်းမှာ ညအိပ်စောင့်လိုက် :P

8Yar said...

မိုးခါး > တိန်! မလုပ်ပါနဲ့ အစ်မမိုးခါးရယ်။ နောက်ရက်ကောင်မလေးက ရဲစခန်းမှာလိုက်တွေ့နေရပါအုံးမယ်။ :P လာအားပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

အိပ်မက်ကောင်းကင် said...

နေမိုး ခင်ဗျာ အနစ်နာခံလိုက်တာ
သူ့ကောင်မလေးလည်းခွင့်လွတ်မှာပါ
စာရေးဆရာလေးကလည်း ရေးတတ်လှပါဘိ
ခင်တဲ့(အိမ်မက်ကောင်းကင်)