တစ်ရက် ကျွန်တော်လုပ်နေသော ကုမ္ပဏီမှ အလုပ်အကြိုးစားဆုံး လူလေးယောက်ကို F1 Rehearsal Ticket ပေးပါတယ်။ အဲ့ဒီထဲမှာ 8Yarတို့လည်းပါလေတော့ အရမ်းပျော်မိတာပေါ့။ အဲဒီအချိန်က ကျွန်တော့်မှာအလုပ်တွေပိပြီးစိတ်ညစ်ရတဲ့အချိန်ဆိုတော့ ပျော်တာတောင် ပြည့်ပြည့်၀၀မပျော်မိပါဘူး။ ပြီးတော့ သူဌေးကမှာလိုက်တယ်....
“မင်းတို့လေးယောက်F1ကိုကြည့်ပြီး အဲဒီမှာသုံးတဲ့ပစ္စည်းတွေကို ပြန်ပြောပြရမယ်။ နောက်နှစ်ကုမ္ပဏီက ဘာတွေရောင်းလို့ရမယ်ဆိုတာတွေ ပြန်ပြောပြနိုင်ရမယ်" တဲ့။ အဲ့ဒီကျမှ 8Yarလည်း သဘောပေါက် သွားတော့တယ်။ ငါတို့ကို relaxလုပ်ခိုင်းတာမှမဟုတ်တာ၊ အလုပ်ခိုင်းတာပဲဆိုတာကိုလေ။ စ’လုံးက သူဌေးတွေကို နည်းနည်းတော့စိတ်ပျက်မိပါရဲ့။
F1 ဆိုတာ Formula One လို့ခေါ်တဲ့ Sport Car ပြိုင်ပွဲဖြစ်ပါတယ်။ စင်္ကာပူက F1 ပြိုင်ပွဲ ၅နှစ်ကျင်းပခွင့်ရထားတဲ့အတွက် အခုဆိုရင် လေးကြိမ်မြောက်ရှိပြီလို့ထင်ပါတယ်။ ဒီလိုပွဲမျိုးကို နိုင်ငံတကာက လာရောက်အားပေးကြတဲ့အတွက် အိမ်ရှင်နိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံကဂုဏ်ယူရသလို လုံခြုံရေးနဲ့ဖျော်ဖြေရေးဆိုင်ရာတွေအတွက်လဲ ခေါင်းစားစေမှာ အမှန်ပါပဲ။
ဒီလိုနဲ့ F1ပြိုင်ပွဲနေ့ရောက်လာတော့ လိုအပ်တာတွေ ပြင်ရဆင်ရတော့တာပေါ့။
ဒါကတော့ ၀င်ရမဲ့Ticket… Bar Codeပါတယ်၊ Zone, Gate No, Seat No, Seat Colour, Roll No တွေကတစ်ဘက်မှာပါတယ်။
နောက်တစ်ဘက်ကတော့ ကြည့်ရမဲ့ရက်စွဲနဲ့မြေပုံပါတယ်။ သိတဲ့အတိုင်းပဲ စ’လုံးက Technology ထွန်းကားတော့ ဒီလိုကဒ်တွေကို ဖောဖောသီသီသုံးနိုင်ကြတာပေါ့။ အဲဒါလေးတော့သဘောကျမိပါရဲ့။
ဒါကတော့ Ear Muff နဲ့ Ear Plug
ဘယ်ဟာယူရမလဲလို့စဉ်းစားနေတာ......
သူကတော့မပါလို့မဖြစ်ဘူး... ခုသွားကြည့်မဲ့ပြိုင်ကားတွေက လေယာဉ်အင်ဂျင်တပ်မောင်းတာလို့ကြားဖူးတယ်။ အရမ်းမြန်သလို အရမ်းလည်းဆူတယ်။ အခန့်မသင့်ရင် နားပျက်သွားနိုင်ပါတယ်။ နောက်တစ်ခုကMOM Regulationပါ။ MOMဆိုတာကတော့ စ’လုံးမှာနေတဲ့သူတိုင်းသိပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမားကြားမှာရှိတဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တစ်နည်းပြောရရင် အလုပ်သမားတွေနဲ့ ပတ်သက်တာတွေကိုကိုင်တဲ့ အစိုးရပါ။ မြန်မာလိုတော့ အလုပ်သမားဝန်ကြီးဌာနလို့ခေါ်ရင်ရမလားပဲ။ စ’လုံးမှာတော့ Ministry of ManPower လို့ခေါ်ပါတယ်။ သူတို့ရဲ့Rules အရတော့ လူတစ်ယောက်ဟာ 85 Decibel အောက်အသံကို ကြားရရင် Hearing Protection လုပ်စရာမလိုပါ။ 85db ထက်ရှိတဲ့အသံအနားမှာရှိနေမယ်ဆိုရင် Hearing Protection လုပ်ရပါတယ်။ အဲဒါတွေက ကျွန်တော့အလုပ်နဲ့ပတ်သက်တာတွေမို့ အများကြီးပြောမပြတော့ပါဘူး။ ဆိုလိုချင်တာက ဒီပွဲအတွက် Hearing Protection လုပ်ကိုလုပ်ရပါမယ်။ 8Yarတို့ ကုမ္ပဏီကဒီပစ္စည်းတွေရောင်းတာဆိုတော့ လွယ်လွယ်ကူကူပဲProvideလုပ်ပါတယ်။ Ear Plugကနားထဲကိုသွင်းရတာဆိုတော့ ကျွန်တော်သဘောမကျပါ။ ကျွန်တော့နားပေါက်ကို ဆွဲဖြဲထားသလိုခံစားရမှာအသေအချာမို့ Ear Muffကိုပဲရွေးလိုက်ပါတယ်။
ဒါလေးက Friday အတွက် အချိန်ဇယားလေးပါ။ စမှာက 3:30pm ကျွန်တော်တို့ အလုပ်တွေပြီးတော့ 5:00pm ထိုးနေပြီ။ အလုပ်ပြီးတော့ အိမ်ပြန်ရ၊ လူပြန်စုရနဲ့ ညစာစားတော့ 6:00pm ရောက်သွားရော။ အဲဒီအချိန်ထိ ပြိုင်ကားကွင်းထဲကို မရောက်သေးဘူး။
ဒါလေးက အဲ့ဒီနေ့က စားဖြစ်တဲ့ Dinner လေးပါ။ ရေးထားတာတော့ 6.90s$၊ GST ပေါင်းလိုက်တော့ 7.00s$ စွန်းစွန်းလေးကျသွားတယ်။ ကိုယ်ကလည်းထမင်းစားရမှ ကျေနပ်တဲ့သူဆိုတော့ တတ်နိုင်ဘူးစားလိုက်ရတယ်။ ဒါတောင် သိပ်မဝချင်ဘူး။ :P
ကဲစဝင်ပါပြီ.....
အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ။ ဈေးလား??... မေးမိတာကိုယ့်အမှားပါဆိုပြီး အော်ငိုချင်စိတ်ပေါက်သွားတယ်။ ကျွန်တော် မေးမိတဲ့ အင်္ကျီဈေးက 170S$ တဲ့။ :( ဘာသားနဲ့များချုပ်ထားတယ်မသိဘူး။ ဈေးပေါတာရှိလားလို့မေးတော့ 50S$ တန် အင်္ကျီကိုလက်ညိုးထိုးပြတယ်။ ကိုယ့်ကို စကားတောင်မပြောတော့ဘူး။ ခစ် :P
ဆက်သွားတော့
လမ်းညွှန်ဆိုင်းဘုတ်ကိုတွေ့တယ်။ လျှောက်ရင်း လျှောက်ရင်း ပြိုင်ကားသံကြားလို့ ပြေးပြီးရိုက်လိုက်လိုက်သေးတယ်။
ဒီကားပေါ့ 8Yar ဘဝမှာ ပြိုင်ကားကို အပြင်မှာ ပထမဆုံးမြင်ဖူးတာ။ တော်တော်ဆူတဲ့ ကား။ ဖြတ်သွားတာနဲ့ နားကိုအီသွားတာပဲ။ F1 ကစနေပြီ 8Yar တို့က ကိုယ်ထိုင်ရမယ့်နေရာ မရောက်သေးဘူး။
ရောက်ပါပြီဗျာ၊ ခုံတွေရှိတဲ့နားကို။ အပေါ်ကိုမော့ကြည့်လိုက်တယ်ဆိုရင်ပဲ။
အောင်မလေးဗျာ! နည်းတဲ့လူတွေမဟုတ်ဘူး။ ခြံစည်းရိုးကျော်ဝင်လာသလားအောက်မေ့ရတယ်။ :P လူတွေအများကြီးရှေ့မှာ မတ်တပ်ရပ်လိုက်ရတော့ 8Yar တို့ ဒူးတောင်တုန်ချင်သွားတယ်။ အများနဲ့တစ်ယောက်ဆိုတော့ ဖြစ်ပါ့မလား။ ဘဝပျက်ရချည်ရဲ့ဆိုပြီး လျှောက်တွေးနေမိတယ်။ ဟတ်ဟတ်.... အနောက်ကနေ Excuse me! ဆိုပြီး အသံဗြဲကြီးနဲ့အ်ာလိုက်သံကြားမှ သတိပြန်ဝင်လာတော့တယ်။ ဟုတ်သားပဲ ငါက ဘောပွဲလာကြည့် အဲလေ ပြိုင်ကားပွဲလာကြည့်တာပဲ ဖိုက်တင်ပလေးဖို့လာတာမှ မဟုတ်ပဲဆိုပြီး လူတွေကြားထဲကို ရင်ကော့ပြီးတက်လာလိုက်တယ်။
8Yar တို့လူစုကလူညီတယ် ထိုင်ရမဲ့နေရာကို လူခွဲရှာမယ်ဆိုပြီး တစ်ယောက်တစ်နေရာ ထွက်လာကြတယ်။ ရှာတယ်.. တွေ့ဘူး..။ ဒီထက်ပိုချောတာရှာတယ်။ အဲလေ... ဒီထက်ပိုနီးစပ်တဲ့ ခုံနံပါတ်ကိုရှာတယ်။ မတွေ့ဘူး တွေ့ပြန်တော့လည်း မနီးစပ်နိုင်ဘူး။ ဘေးမှာကောင်လေးတစ်ယောက်နဲ့ တိန်! ဘာတွေရှောက်ရေးမိနေပါလိမ့်။ ငါ့နယ်နော် စိတ်ညစ်ပါတယ်။ :( ပြောချင်တာက ထိုင်ရမဲ့ခုံကိုအခုထိမတွေ့သေးဘူး။ 10 မိနစ်ကျော်ကျော်လောက် လမ်းသလားတာ မတွေ့သေးဘူး။ ခြေကုန်လက်ပန်းကျခါနီးမှတွေ့တော့တယ်။ ခုံတော့မဟုတ်ဘူး။ ကိုယ့်လူတွေကို တွေ့တာ။ အမယ် ကိုယ်တော်တွေက အညိမ့်သားထိုင်လို့။ ကိုယ်လည်းနည်းနည်းတင်းသွားတယ်။ သူတို့နားရောက်ရောက်ချင်း ဘုတောလိုက်တယ်။
“ဘာလို့ငါ့ကို မခေါ်တာလဲ?” လို့
တစ်ယောက်က “မင်းငါတို့အရှေ့ကဖြတ်ဖြတ်သွားတာ သုံးခါရှိပြီ။ လှမ်းခေါ်တိုင်း ငါတို့ကိုမကြည့်ပဲ ဘေးကအတွဲကိုကြည့်ကြည့်ပြီး ထွက်ထွက်သွားလို့ မခေါ်တော့တာ”
ကိန်! အဲလေ... တိန်! ဂလိုလား အဲဒီတော့လည်း 8Yar က “အရမ်းဆူတယ်ကွ ဘယ်ကြားမလဲ” ဆိုပြီး ဝင်ထိုင်လိုက်တယ်။
မထိုင်ခင် လူသိပ်မရှိတဲ့ဘက်သွားပြီး ထိုင်နေတဲ့လူတွေနဲ့ Marina Bay ရဲ့ အလှကို မှတ်တန်းတင်လိုက်တယ်။ F1 မစခင်က 8Yar တစ်ယောက် Ear Muff ကိုတပ် Camera လေးတဝင့်ဝင့်နဲ့ ပဲများနေတာ။ ပွဲလည်းပြန်စရော အမုန်းရိုက်တာ။ အဝေးကရိုက်တော့.....
ကားက ကောင်းကောင်းမမြင်ရဘူး။
အဲ့ဒါနဲ့ အောက်ဆင်းသွားပြီး အနီးကပ်ဆွဲတော့ ....
မြင်တဲ့အတိုင်းဝါးနေပြန်ရော။
နောက်ကျမှရိုက်ရင်....
အမြှီးပဲပါတယ်။
ကြိုရိုက်ပြန်တော့.....
ခေါင်းပဲပါတယ်။
ကွက်တိရိုက်ပြန်တော့....
ကားတောင်မမြင်လိုက်ရဘူး။
အဲဒီလောက်ကြီး တော်နေတဲ့ ကိုယ့်ဟာကိုယ် ဘယ်လိုချီးကျူး ရမလဲ ဆိုတာတောင်မသိဘူးဖြစ်သွားတယ်။ ကျွန်တော့အရှေ့မှာထိုင်နေတဲ့ ပရော်ဖက်ရှင်နယ် ကင်မရာပိုင်ရှင်ရဲ့ပုံတွေကိုလှမ်းကြည့်လိုက်တော့ အားပါးပါး ကောင်းလိုက်တဲ့ ပုံတွေဗျာ။ ကိုယ်ငန်းနေမှန်းသိတော့ ကိုတော်ကလှည့်ကြည့်တယ်။ ကိုယ်ကလည်း ပုံတွေမိုက်တယ်နော်ဆိုပြီး မျက်စပစ်ပြတော့။ သူဘယ်လိုသဘောပေါက်တယ် မသိဘူး။ ကိုယ့်ကိုခြေဆုံး ခေါင်းဆုံးကြည့်တယ်။ နောက်တစ်ခါ မျက်စပစ်ပြလိုက်ရင် ကိုယ့်ကိုတစ်မျိုးထင်တော့မှာပဲ ဆိုပြီးထပ်ပစ်ဖို့မကြိုးစားတော့ဘူး။ ပုံတွေက အစဉ်မပြေတော့ movie လေးနည်းနည်းပဲ တင်မယ်ဆိုပြီး တင်တာ ကံကမကောင်းချင်တော့uploadက တက်ကိုမတက်ဘူး။
ဒီနေ့လည်း 8Yarအဆင်မပြေပါလားနော်....
Post အတင်ကျဲသွားတဲ့အတွက် Blogမောင်နှမများနှင့် စာဖတ်သူများကို ကျွန်တော်8Yarက ဒီPostလေးနဲ့တောင်းပန်ပါရစေခင်ဗျာ။
ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။
8Yar
4th Oct 2011
20 comments:
အဲဒီလောက်နားညည်းတယ်လား။ ကားကလဲရှလွတ်ဆိုဖင်မြီးတောင်မမြင်ရအောင် မောင်းသွားမှာ နားကလဲညည်းအုံးမယ်ဆိုတော့ တော်ပါပြီ ကားပြိုင်ပွဲကြည့်ဖို့ စိတ်မ၀င်စားတော့ဘူး။း))
2004 ကမလေးရှာကွင်းမှာတစ်ခါသွားကြည့်ဖြစ်တယ်...
ဂျပန်ကလဲလာပြိုင်တယ်လေ....
အဲဒီအလျိန်က ၀လုံးမှယF1 ကွင်းမရှိသေးဘူးလို့ပြောကျတယ်။
အဲလိုနားငြီးမှန်းတောင်မသိလိုက်ဘူး
သူငယ်ချင်းတွေအများကြီးနဲ့ဆိုတော့ ကိုယ်တွေအသံက
ပိုကျယ်နေတယ်ထင်တာပဲ....
ခင်တဲ့ jasmine
ပျော်စရာကြီးပါလားဝေ့
ကြည့်ချင်လိုက်တာဟယ်
အလုပ်ကြိုးစားသူအဖြစ်အရွေးခံရလို့
ဂုဏ်ယူပါတယ်ကွယ်
ချစ်ခင်စွာဖြင့်
အားကျတယ်ဗျို့ ....
ဟီးဟီး.. တော်လိုက်တာနော်... ကားကိုရိုက်တာ တော်တော်ကြိုးစားလိုက်ရပုံပဲ.. ဟားဟား... မိုက်တယ်ကွာ... video တင်ရမှာ.. video ကလည်း မရ..ဟဟ
ဒါနဲ့.... ဓာတ်ပုံကြီးရိုက်နေတာ ရုံးက လေ့လာခိုင်းတဲ့ဟာရော လေ့လာဖြစ်ခဲ့ရဲ့လား.. :P
အားကျစရာ ...ကြိးပဲ ..
Sport Car ပြိုင်ပွဲကို အသေးစိတ် ရေးသားမျှဝေသွားတဲ့အတွက် ဗဟုသုတရသွားပြီ 8Yar ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်ကိုလဲ အဲဒီ F1 ပြိုင်ပွဲ သွားကြည့်ချင်တာ ညီရေ...
ဒါပေမယ့် မကြည့်ဖြစ်သေးပါဘူး....
ညီက ကြည့်ပြီးပြီ ဆိုတော့
ညီကိုတော့ အားကျတယ်ဟေ့...
မအိမ်သူ<< ကောင်းတယ် အစ်မအိမ်သူရေ။ ဒါတွေက အပျော်အပါးတွေပါ။ ပိုက်ဆံလည်းကုန်တယ်။ အစ်မကတော့ ပိုက်ဆံအတော်စုမိမှာပဲနော်။ ကျွန်တော်လိုရင် လာချေးမယ်နော်။ :P
jasmine(တောင်ကြီး)<< ဟုတ်လား အစ်မJas ၊ 2004 တုန်းကကျွန်တော် ygn မှာပဲရှိသေးတော့ မသိလိုက်ပါဘူး။ သူငယ်ချင်းတွေနဲ့ဆိုတော့ အရမ်းပျော်မှာပဲနော်။ ကျွန်တော်ကတော့ အလုပ်ကလူတွေနဲ့မို့ မပျော်ဘူး။ :(
သမီးစံ<< ဟီး ကျေးဇူးပါဗျာ။ ဒီမှာက မကြိုးစားရင် မရဘူး။ အရမ်းကြိုးစားရင်လည်း မကောင်းပြန်ဘူး။ အဲဒီတော့ ကြိုးစားချင်ရောင်ဆောင်ရတယ်။ ပြီးတော့ အဲဒါက ပိုပင်ပန်းတယ်။ :(
MGTHANT<< လာအားပေးတဲ့ အတွက်ကျေးဇူးပါ အစ်ကိုမောင်သန့်ရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။
Candy<< ဟုတ်တယ် ဒီပုံတွေရအောင် မနည်းကြိုးစားထားတာ။ ဟတ်ဟတ် ရုံးက လေ့လာ ခိုင်းတာလည်း ဘာမှ မလေ့လာလိုက်ရဘူး။:P
Angelhlaing(May everybody be happy and healthy!<< ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။
mstint<< အန်တီတင့် ရေ အမြဲလာအားပေးလို့ ကျေးဇူးပါခင်ဗျာ။ အန်တီတင့်တစ်ယောက် စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ...
ညီရဲ<< ဟုတ်ကဲ့နောက်နှစ်အတွက် လက်မှတ်တွေကို ဒီနှစ်ကုန်လောက်မှာ စရောင်းတယ်လို့ ကြားဖူးပါတယ်။ စောစောဝယ်ထားရင် အရမ်းသက်သာတယ်လို့သိရပါတယ်ခင်ဗျာ။လာအားပေးတဲ့ အတွက်ကျေးဇူးပါ အစ်ကိုညီရဲ ရေ။
သြော
ဒါကြောင့် တွေ့မိတယ်ထင်သား .. ဟုတ်မယ် အဲတယောက်ပဲနေမယ် .. ကင်မရာ တချိန်ချိန်နဲ့ ခေါ်မကြား အော်မကြားလေ .. :P
ပုံတွေက လန်ထွက်နေတာပဲ .. ဟီးး :D ၀မ်းစမိုး :P
အလုပ်ကြိုးစားလို့ Bonusရတာ ချီးကျူးပါတယ် 8Yarရေ..။
Bonusအနောက်မှာ အလုပ်တာဝန်တွဲထည့်ပေးတာကတော့ မမိုက်ဘူးရယ်နော်။ F1ကားပြိုင်ပွဲတွေကို ESPN မှာ ကြည့်ဖြစ်တယ်။ အခုလို အပြင်မှာ ကြည့်ခွင့်ရတာ အားကျလိုက်ထှာ..။ ဓာတ်ပုံဆရာ လက်စွမ်းပြလို့ ပြိုင်ကားလှလှလေးတွေကို အခုလို အရောင်အသွေး စုံစုံလင်လင်နဲ့ ကြည့်ခွင့်ရတာ ကျေးဇူးတင်ပါတယ်ရှင်...ခွိခွိ.. :)
တော်ထှာ ငါအတိုင်းပဲ ငါဆိုတစ်ပုံမှမမိဘူး ဟိဟိ
နားအကာမပါလို့ အူလာတာ ဆေးခန်းတောင်ပြရတယ်ဘာမှတ်း)
ကိုရင်ခေါ်ရင်မကြားချင်ယောင်ဆောင်ဖို့ ကြိုပြီးဆရာဝန်လက်မှတ်ယူထားတာ ဟဲဟဲ
ကင်မရာ က အဆက်မပြတ် ရိုက်တဲ့ ဟာနဲ့ မှ အဆင်ပြေမယ်ထင်တယ် ပုံတစ်ရာ အဆက်မပြတ် ရိုက်ပေးတဲ့ ဟာ ဆို တပုံတစ်လေတော့ ရကောင်းပါရဲ့ ...အဲလိုဓာတ်ပုံမျိုး ရိုက်ရမှာစိတ်ဝင်စားလို့ ပါ...
မိုက်တယ်...လန်းတယ်....လန်တယ်.....ကို8Yarရေ..။ အလုပ်ကြိုးစားတတ်တဲ့သူမို့ဂုဏ်ယူပါတယ်။အသေးစိတ်သိရအောင်
မျှဝေပေးတဲ့အတွက်ကျေးဇူးပါဗျာ..။
မိုးခါး<< ခစ်ခစ် ကျွန်တော်တို့ဘေးက အတွဲက အစ်မမိုးခါးတို့ အတွဲဖြစ်မယ်။ အစ်မတော်တော်ဆိုးတယ် လူဆိုး... :P
မြသွေးနီ<< ဟားဟားဟား အစ်မမြသွေး comment ဖတ်ရတာ ဗိုက်တောင်နာတယ် ရီရတာ။ ကျွန်တော့ရဲ့ လက်ရာတွေကို အသိမှတ်ပြုတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။ ဟီး ဟီး...
မဒမ်ကိုး<< တူမှာပေါ့ မောင်နှမတွေပဲဟာ။ အစ်ကိုရင်ကို မိုက်နဲ့ စပီကာ ဝယ်ခိုင်းထားရမယ်။ အစ်မဒိုးနဲ့ စကားပြောဖို့လေ။ ဟိ ဟိ...
ငဝန်နဒီ<< ဟုတ်ပါတယ်ခင်ဗျ။ ပရော်ဖက်ရှင်နယ် ကင်မရာမှာမှပါမယ်ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကင်မရာက FINEPIX F300EXR ဆိုတော့ Continuously က ၅ပုံထိပဲရပါတယ်ခင်ဗျာ။ ပရော်ဖက်ရှင်နယ် ကင်မရာ မဝယ်နိုင်သေးလို့ပါ။ :P
KMC<< ဟုတ်ကဲ့ လာအားပေးတဲ့ အတွက်ကျေးဇူးပါအစ်ကိုချင်းရေ။ အမှန်တော့ ကျွန်တော်လည်း အများကြီးမသိပါဘူးခင်ဗျာ။ မြင်သလောက်လေးရေးရတာပါ။ ပုံတွေ မကောင်းလို့ အစ်ကိုတို့ကို အားနာတယ်ဗျာ။
ကားတွေကို ဓါတ်ပုံရိုက်ပုံလေး ဖတ်ရင်း ရီနေရတယ်။
ပြိုင်ကားပြိုင်ပွဲတော့ တခါမှ မကြည့်ဖူးသေးဘူး။
ကြုံရင်တော့ ကြည့်ချင်သေးတယ်။
QUANTUM BINARY SIGNALS
Professional trading signals sent to your cell phone every day.
Follow our signals right now and profit up to 270% a day.
Post a comment