Saturday 5 November 2011

ဂါရဝပြုခြင်း နှင့် Nine Emperor Gods

ဂါရဝပြုခြင်း

Nine Emperor Gods Post လေးကိုမစခင် ကျွန်တော် အခက်ခဲမျိုးစုံ ကျော်ဖြတ်နေ ချိန်မှာ တကူးတကာ လာအားပေးပြီး စိတ်ခွန်အားဖြစ်စေမဲ့ Comments တွေလာပေးကြတဲ့ ဘလော့မောင်နှမတွေနဲ့ စာဖတ်သူများဖြစ်ကြတဲ့
အန်တီတင့်
မုန်တိုင်း
မောင်(စွယ်စုံကျမ်း)
AH
အမှတ်တရ နေ့စွဲများ....
မိုးခါး
jasmine(တောင်ကြီး)
မဒမ်ကိုး
သမီးစံ
MGTHANT
Candy
Junemoe
မောင်မျိုး

ညီရဲ
မြသွေးနီ
အိမ်မက်စေရာ
မေသိမ့်သိမ့် ကျော်
ak1428
Étoile

တို့နှင့် CBox မှာလာ အော်ကြတဲ့
kom
ရွှေဝန်းရတနာ
pigpig

တို့အပြင် Comments မရေးဖြစ်ခဲ့ပေမဲ့ အမြဲလာအားပေးတဲ့ စာဖတ်သူများနဲ့ ဘလော့မောင်နှမများ အားလုံး အားလုံး ကို ကျွန်တော် 8Yar မှ ကျေးဇူးတင်ခြင်းများစွာဖြင့် ရိုသေစွာ ဂါရဝ ပြုလိုက်ပါသည်။

ဘလော့မောင်နှမများနဲ့ စာဖတ်သူများရဲ့ အားပေးစကားတွေဟာ ကျွန်တော့ အတွက်တော့ တကယ့် အားဆေးတွေပါ။ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်ဆိုင်ပါ့မယ်လို့ ကတိပြုရင်း ကျွန်တော် အရှေ့က Post မှာ ရေးခဲ့တဲ့အတိုင်း ရေးလက်စ လေးကိုကြိုးစားပြီးတင်လိုက်ပါတယ်ခင်ဗျာ။
အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေခင်ဗျာ။

Nine Emperor Gods 九皇大帝


Nine Emperor Gods ဆိုတာ ရန်ကုန်မှာကျင်းပလေ့ရှိတဲ့ တရုတ်ရှင်ဥပဂုတ်ပွဲဟုဆိုလျှင် လူအတော်များများသိမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်တာကတော့ သူ့ကိုရေမျောပြီးပူဇော်ရလို့ ခေါ်တယ်လို့ထင်ပါတယ်။ တရုတ်လိုတော့ ကျိုဝမ်ရယ် (Jiu Wang Ye 九王爷 ) ဒါမှမဟုတ် ကျိုဝမ်တ,သိ (Jiu Huang Da Di 九皇大帝) လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကို တည့်တည့်ပြန်ရင် ဘုရင်ကိုးယောက် လို့ ပြန်လို့ရမယ်ထင်ပါတယ်။ ဒါပေမယ့် Online ပေါ်က Site အချို့ မှာတော့ GrandFather လို့ အဓိပ္ပါယ်ပြန်ထားတာတွေ့ရပါတယ်။

Nine Emperor Gods သမိုင်းကြောင်းမှာ အယူအဆနှစ်မျိုးကွဲသွားပါတယ်။ ပထမ အယူအဆမှာ ဒီနတ်တွေဟာကောင်းကင်ကကြယ်တစ်လုံးစီကို အစိုးရတယ်လို့ယူဆကြပါတယ်။ အဲဒီကြယ်ကိုးလုံးကတော့ Vega Star, Polaris Star နဲ့ The 7 Northern Constellation Stars တို့ပဲ ဖြစ်ပါတယ်။ ဒိထက်ပိုရှင်းသွားအောင် ပုံနဲ့စာလေးကို ဒီဆိုက် ကနေကူးယူဖော်ပြလိုက်ပါတယ်ခင်ဗျာ။


1. "Gou Chen Tian Huang Da Di 勾陈天皇大帝" (Vega Star)
2. "Bei Ji Zhi Wei Da Di 北极紫微大帝" (Polaris Star) ဓူဝံကြယ်
3. The 7 Northern Constellation Stars (called "Bei Dou Qi Xing 北斗七星") ခုနှစ်စင်ကြယ်:
a. "Tan Lang 贪狼"
b. "Ju Meng 巨门"
c. "Lu Chun 禄存"
d. "Wen Qu 文曲"
e. "Lian Zhen 廉贞"
f. "Wu Qu 武曲"
g. "Po Jun 破军"

တို့ပဲကြပါတယ်။ ကောင်းကင်ကဒီကြယ်ကိုးလုံးရဲ့ လှုပ်ရှားသွားလာမှုဟာ လူတွေရဲ့ကံကြမ္မာနဲ့ ဆက်စပ်နေမယ်လို့ ကိုးကွယ်သူအချို့ကယုံကြည်ပါတယ်။

ဒုတိယ အယူအဆတစ်မျိုးက ရေပြင်ကိုအပိုင်စားတဲ့သူ (သို့) စွေးကွေ (水鬼) လို့ခေါ်ပါတယ်။ စွေးကွေကို တိုက်ရိုက်ပြန်ရရင် ရေသရဲလို့ပဲ ပြန်ရမှာပါ။ ရေသရဲဆိုတာ ရေသရဲငါးကိုပြောခြင်းမဟုတ်ပါ။ ရေမှာသေတဲ့သူ၊ အစိမ်းသေသောသူကို ပြောခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုလျှင် ဦးရှင်ကြီးလိုနတ်မျိုးလို့ထင်ပါတယ်။ ဦးရှင်ကြီးနတ်ကိုတော့ မြန်မာပြည်သားတွေ ရင်းနှီးပြီးသာမို့ မရှင်းပြတော့ပါဘူး။ သူ့ကိုပူဇော်သူအများစုက ရေလမ်းသွားသောသူတွေ၊ ပင်လယ်နဲ့အသက်မွေးသူတွေ၊ မြစ်၊ ချောင်း၊ ပင်လယ်တွေနားမှာနေကြသူတွေ ဖြစ်ပါတယ်။

Nine Emperor Gods ပွဲကို ကိုးလပိုင်းမှာ ကျင်းပလေ့ရှိပါတယ်။ အများစုကတော့ ကိုးလပိုင်း၊ ကိုးရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ နတ်တွေကိုရေလမ်းကနေကြိုရသလို ပြန်ပို့တော့လည်း ရေလမ်းကနေပြန်ပို့ရပါတယ်။ သွားကြိုတာ သိပ်မခေတ်စားပေမယ့် ပြန်အပို့မှာတော့ ရေမျှောပွဲအဖြစ် အကြီးအကျယ်စည်ကားလှပါတယ်။ ရေမျှောပွဲမတိုင်ခင် ပွဲမှာပါဝင်မယ့်သူတွေနဲ့ ကိုးကွယ်သူတွေဟာ သတ်သတ်လွတ်ကို ကိုးရက်၊ ဆယ်ရက်နဲ့ တစ်လစားကြရပါတယ်။ မြန်မာပြည်မှာတော့ ကိုးရက် မစားနိုင်ခဲ့ရင် ခုနစ်ရက်၊ ငါးရက်၊ သုံးရက်၊ ဒါမှမဟုတ်ရင် ရေမျောပွဲလိုက်ပို့မယ့် တစ်ရက်သာစားကြပါတယ်။ အသီးအရွက်စားခြင်းဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေတယ်လို့ အယူရှိကြပါတယ်။

အဲဒီမှာကျွန်တော်ရှင်းပြချင်တာကတော့ သတ်သတ်လွတ်နှစ်မျိုးရှိကြောင်းပါ။ တစ်ခုကို တရုတ်သတ်သတ်လွတ်လို့ခေါ်ပြီး၊ တစ်ခုကို မြန်မာသတ်သတ်လွတ်လို့ခေါ်ပါရစေ။ တရုတ်သတ်သတ်လွတ်ကိုတော့ မြန်မာပြည်မှာ စားတာသိပ်မတွေ့ရပါဘူး။ ထိုင်ဝမ်လူမျိုးနှင့် ထိုင်ဝမ်ဘုရားကိုးကွယ်သူ အချို့သာစားကြပါတယ်။ တရုတ်သတ်သတ်လွတ်က ကြက်ဥ၊ဘဲဥ၊ငုံးဥ စတဲ့ဥတွေဟာ အကောင်မဖြစ်သေးလို့ သတ်သတ်လွတ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အသီးအရွက်ထဲမှာ ကြက်သွန်နီ၊ဖြူ စတဲ့အနံ့ထွက်စေတဲ့ အသီးအရွက်တွေဟာ သတ်သတ်မလွတ်ဘူးလို့ တရုတ်သတ်သတ်လွတ်သမားတွေက ဆိုကြပြန်ပါတယ်။

နောက်တစ်မျိုးက မြန်မာသတ်သတ်လွတ်ပါ။ ဒီမြန်မာသတ်သတ်လွတ်ကိုတော့ လူတော်တော်များများသိကြသလိုပါပဲ။ မြန်မာသတ်သတ်လွတ်သမားဟာ အသားနဲ့ အသားကဖြစ်တဲ့ အစားအစာတွေလုံးဝစားလို့မရပါဘူး။ အသီးအရွက်မှန်သမျှစားလို့ရပါတယ်။ Nine Emperor Gods ပွဲကျင်းပရာတွင် မြန်မာသတ်သတ်လွတ်ပုံစံမျိုးကိုပဲ စားကြပါတယ်။ ရန်ကုန်နဲ့ စင်္ကာပူမှာတော့ သတ်သတ်လွတ်စားပုံခြင်းတူပြီး အခြားဒေသတွေမှာတော့ ကျွန်တော့အနေနဲ့မသိပါ။

ဒါလေးကတော့ စင်္ကာပူနိုင်ငံက တရုတ်ဘုရားကျောင်း တစ်ကျောင်းမှာ Nine Emperor Gods ပွဲကျင်းပနေခြင်းဖြစ်ပါတယ်။


သူတို့ကတော့ သတ်သတ်လွတ်စားပြီး နတ်တင်ထားတဲ့ ထမ်းစင်ကိုထမ်းပြီး က မဲ့သူတွေပါ။


အခုစပြီး နတ်ကိုထမ်းစင်ပေါ်တင်ပါပြီ။ နတ်ကိုကျောင်းထဲက ပင့်လာချိန်မှာ ယခုကဲ့သို့ပိတ်စအဝါနှင့်ကာပြီးပင့်ရပါတယ်။ အဲ့ဒီအထဲကို အဖွဲ့ခေါင်းဆောင်အကြီးဆုံးနှစ်ယောက်သာ ၀င်ခွင့်ရပြီး ကျောင်းအတွင်းမှ ထမ်းစင်ပေါ်သို့ပင့်ဆောင်ရာလမ်းတလျှောက် ခြေလှမ်း သုံးလှမ်းခန့်ဒူးထောက်ပြီး လမ်းလျှောက်ရတယ်လို့ သိရပါတယ်။ ထိုပင့်ဆောင်ချိန်တလျှောက်လုံး အပြင်မှလူနှစ်ယောက်ဟာ မောင်းအဆက်မပြတ်တီးပေးကြရပါတယ်။


ဒါက ဘယ်ဘက်ကမောင်းတီးသူ


ဒါက ညာဘက်ကမောင်းတီးသူဖြစ်ပါတယ်။


နတ်ပင့်ပြီးရင် နောက်ထမ်းစင်တစ်ခုမှာ အမွှေးတိုင်ပြာအိုးပင့်ပါတယ်။ ထိုအမွှေးတိုင်ပြာအိုးဟာ ဤကျောင်းပိုင်နတ်ကို ကိုယ်စားပြုတယ်လို့သိရပါတယ်။


ဒါကလေးကတော့ လုံချွမ် (龙船) လို့ခေါ်ပါတယ်။ ရေမျောတဲ့အခါ ထည့်မျောလေ့ရှိပါတယ်။ အဲ့ဒီအပေါ်မှာကပ်ထားတဲ့ အ၀ါရောင်စာရွက်လေးတွေကတော့ လူနာမည်တွေဖြစ်ပါတယ်။ အလှုရှင်တွေရဲ့နာမည်လို့ ယူဆရပါတယ်။


ကားလေးကိုမြင်လိုက်တာနဲ့ ကား Crazy တော်တော်များများဟာ လန်ဘိုဂီးနီး ပြိုင်ကားလေး (Lamborghini Sports Cars )ဆိုတာ သိကြမှာပါ။ လန်ဘိုဂီးနီးကားက အတော်လေးဈေးများသလို ကားပြိုင်ရှင်ဟာလည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ စ’လုံးမတွေပြောကြပါတယ်။



ကားနံပါတ်ကိုကြည့်ပါအုံး။ SFN 9G တဲ့။ SFNကတော့ စင်္ကာပူရဲ့ကားရှေ့အက္ခရာပါ။ ကျွန်တော်ပြောချင်တာက ကားနံပါတ်9Gကိုပါ။ 9Gဆိုတော့ Nine Gods ပေါ့။ ကားပိုင်ရှင်က ဒီနတ်ကို တော်တော်လေးယုံကြည်ပုံရပါတယ်။ အကြောင်းကတော့ ဒီနံပါတ်ကို လေလံစွဲမှသာရနိုင်တာမို့လို့ပါ။ ဒီကားကအထွက်မှာ ရှေ့ဆုံးက ဦးဆောင်မဲ့ကားဖြစ်ပါတယ်။ နောက်ကားတွေ လိုက်နိုင်မလိုက်နိုင်တော့မသိ သူကားတော့ ပြေးမဲ့ပုံ :P


ယာဉ်တန်းသွားရာလမ်းတလျှောက် မပိတ်ဆို့အောင် လိုက်ပါကူညီမဲ့ ဆိုင်ကယ်တွေနဲ့ ယာဉ်ထိမ်းရဲတွေပါ။ အနီးကပ်မရိုက်ရဲလို့ အဝေးကနေ လှမ်းဆွဲလိုက်တယ်။


ကျောင်းကထွက်ခါနီး အရင်ကရပါတယ်။ ပြီးမှစထွက်ကြပါတယ်။ နတ်ထမ်းစင်ကိုထမ်းပြီး စကကြပါပြီ။ ထမ်းစင်ကိုလွှဲပြီးကရတဲ့အတွက် ထမ်းရတဲ့လူတွေ တော်တော်အီမယ်လို့ထင်ပါတယ်။ ကတဲ့လူလေးယောက်ဟာ အရပ်အမောင်းနဲ့ဟန်ချက်ညီရင် အတော်လေးကြည့်ကောင်းပါတယ်။ ကပုံမှာ ဘယ်ဘက်ကိုနှစ်လှမ်းတက်၊ ညာဘက်ကိုတစ်လှမ်းဆုတ်နည်းနဲ့ ကခြင်းဖြစ်ပါတယ်။ ထိုသို့ကျောင်းထဲမှာ ကနေချိန်တွင် ၀ှားချဲ (花车) လို့ခေါ်တဲ့ အလှပြယာဉ်တန်းတွေ စပြီးထွက်ခွာကြပါတယ်။

ဘုံကျောင်းပုံလေးနဲ့ အလှပြကား


ပင်လယ်လှိုင်းပုံလေးနဲ့ အလှပြကား


ပန်းပေါင်းစုံနဲ့ အလှပြကား


အလံဖြူတွေနဲ့ မီးပုံးကား


နဂါးဆိုင်းတီးတဲ့ အဖွဲ့နဲ့ကား


နဂါးဒီဇိုင်းနဲ့ အလှပြကား


Nine Emperor Gods အလံတင်ထားသော အလှပြကား



ပြီးတော့မှ Nine Emperor Gods စထွက်ပါတယ်။ အဲ့ဒီမှာ မြန်မာပြည်နဲ့ မတူတာက ကျောင်းကထွက်ထွက်ခြင်း မြစ်ကမ်းကိုသွားပြီး ရေမျှောပွဲတန်း မလုပ်ပါဘူး။ ယာဉ်တန်းဟာ Singapore မှာရှိတဲ့ အခြားနတ်ကျောင်းတွေကိုသွားပြီး ဂါတ၀ပြုရပါတယ်။ တစ်နေကုန်ဂါရ၀ပြုပြီး ညရောက်မှရေမျောပွဲကို ကျင်းပကြတယ်လို့သိရပါတယ်။ ရေမျောတဲ့အထိလိုက်ချင်ပေမဲ့ ကျွန်တော့မှာ အချိန်လည်းမရှိ၊ ကားလည်းမရှိ လေးဘက်ထောက်ပြေးရင်တောင် လန်ဘိုဂီးနီးကိုမှီဘို့ရာမမြင်။ ထို့ကြောင့် ကျွန်တော့မှာ လက်လျော့ပြီးပြန်ခဲ့ရလို့ Postလေးကို ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါခင်ဗျာ။

(မှတ်ချက်။ ။ ဒီPostဟာ နတ်ကိုးကွယ်ရန်တိုက်တွန်းခြင်းမဟုတ်သလို၊ ကျွန်တော်ကိုယ်တိုင်လည်း နတ်မကိုးကွယ်ပါ။ ကိုယ်ကျိုးအတွက် နတ်ပူဇော်လိုသည့်အခါမျိုးတွင်တောင်မှ ရတနာသုံးပါးကို အရင်ဦးချပြီးမှ နတ်ပူဇော်လေ့ရှိပါသည်။ ဗဟုသုတရစေရန် သက်သက်သာ ရည်ရွယ်၍ကျွန်တော်သိသမျှ မျှဝေခြင်းဖြစ်ပါသည်။ အကြောင်းအရာနှင့် အရေးအသားမှားယွင်းမှုရှိပါက ကျွန်တော်၏ညံ့ဖျင်းမှုဖြစ်ပါကြောင်း ၀န်ခံထားပါရစေ။ )

အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေခင်ဗျာ။

8Yar
5th Nov 2011

22 comments:

AH said...

နတ်တွေကို ကိုးကွယ် ဆည်းကပ် သံသရာမှလွတ်မြောက်ရာ အထောက်အပံတစ်ခုလို့ အယုံအကြည့်မရှိပေမယ့် ဗဟုသုတရတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လူတိုင်း လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်ရှိတဲ့အတွက် လွတ်လပ်စွာ ယုံကြည့်နိုင်ပါတယ်။ ဘာသာရေးတိုင်းဟာ သူ့စံနှုန်းနဲ့ သူရှိတဲ့အတွက် မိမိဘောင်အတွင်းမှာပဲ နေကြပြီး အခြားသော ဘာသာတွေကို လွှမ်းမိုး၊ တိုက်ခိုက်၊ နစ်နာစေလို့တဲ့ ဆန္ဒမရှိဘူးဆိုရင်တော့ လူတိုင်း အေးချမ်းကြမှာပါ။ ပိုစ့်အသစ် တင်တော့ ကိုအိပ်ယာ တစ်ယောက် အခက်အခဲတွေ ကျော်လွှား၊ လုပ်ငန်းကိုင်ငန်း အဆင်ပြေ၊ အိမ်ရှင်အိမ်ငှား ကြည်ဖြူလို့ ချစ်သူနဲ့ အိုကေပြီထင်ပါ့။

ခင်မင်စွာဖြင့်
AH

Thameesan said...

ဗဟုသုတရတယ်အစ်ကိုရေ..
သတင်းကောင်းလေး..ကြားရလို့.၀မ်းသာရပါတယ်ရှင်
ဝမ့်စွေ့..၀မ့်စွေ့..၀မ့်..၀မ့်..စွေ့..း))
လေးစားလျှက်...

Anonymous said...

ကိုးကွယ်သည် ဖြစ်စေ မကိုးကွယ်သည်ဖြစ်စေ ဗဟုသုတ ရပါတယ် ....

Unknown said...

ဗဟုသုတ တစ်ခုတော့ ရလိုက်တယ်
ကို8yar ရေ ..
.. ခင်မင် လေးစားလျှက်
(ဒုတိယ)

mstint said...

ဗဟုသုတတွေအတွက် ကျေးဇူးပါ မောင်8Yar ရေ။
စိတ်ရှည်စွာနဲ့ အသေးစိတ်ကို ရှင်းလင်းတင်ထားတာပဲကိုး။
လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်ဆိုတာရှိသလို လူသားတိုင်း
မိမိဘဝကောင်းမွန်စေဘို့ အားသန်ရာကို လုပ်ဆောင်လေ့ရှိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

8Yar said...

AH << အစ်ကိုအောင်ထွဋ် ရဲ့ခံယူချက်ကအရမ်းမှန်ပါတယ်။ ကျွန်တော့ကို Comment အရှည်ကြီးတွေနဲ့ အမြဲလာအားပေးလို့ ကျေးဇူးကမ္ဘာပါခင်ဗျာ။ ကျွန်တော့ အခက်အခဲတွေကတော့ အချို့အဆင်ပြေသွားပါပြီ။ အလုပ်နဲ့ အိမ်ကတော့ ပြောင်းသင့်၊ မပြောင်းသင့် စဉ်းစားနေတုန်းပါ။

သမီးစံ<< ကျေးဇူးပါ သမံစီးရေ။ မတွေ့တာလည်းကြာပြီ နေကောင်းရဲ့လားဗျိုး။ ၀မ့်စွေ့..၀မ့်စွေ့..၀မ့်..၀မ့်..စွေ့.. :P

အမှတ်တရ နေ့စွဲများ....<< လာအားပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

8Yar said...

ဒုတိယလူ<< ကျေးဇူးပါအစ်ကိုဒုရေ... ပျောက်ချက်သားကောင်းနေတယ်နော်။ ဘာတွေလုပ်နေလဲဗျ။ :)

shwewunyatana said...

ကို8Yarရေ...ပိုစ်အသစ်မတင်သေးဘူလားလိုလာချောင်းကြည့်ရတာလဲနေ့တိုင်းလိုပါဘဲ...စိတ်ဆိုးပြေသွားပြီပေါ့...အခုလိုဗဟုသု
တတွေမျှဝေပေးတာကျေးဇူးပါ..ဆန္ဒပြည့်ဝပါစေ...
မေတ္တာဖြင့်....
ဘုန်းဘုန်းရွှေဝန်း....

စံပယ်ချို said...

အိပ်ယာရေ...မဂျက်က အိပ်ယာလောက်ပညာ
နားလည်သိတတ်မှု ဗဟုသုတ မရှိပါဘူး
အိပ်ယာထက်အသက်ကြီးတာတစ်ခုပါပဲလေ
ဒီတစ်ခါတော့ ၀မ်စွေ့..၀မ်စွေ့..၀မ့်..၀မ်စွေ့ပေါ့ဟုတ်လား
ကဗျာလေးတွေလာဖတ်တာလဲကျေးကျေးပါနော်

ဇော်သိင်္ခ said...

အိပ်ယာရေ.. အကိုလည်း ခရီးတွေထွက်နေလို့ မရောက်ဖြစ်တာ ကြာလို့ အိပ်ယာ အဆင်မပြေဖြစ်နေတာတောင် မသိလိုက်ဘူးနော်။ အခုတော့ အဆင်ပြေနေပြီထင်လို့ ဝမ်းသာမိပါတယ်။ ပြီးတော့ အခုလိုဗဟုသုတ ရဖွယ်လေးတွေကို ပုံလေးတွေနှင့်တကွ ရေးသားဖော်ပြပေးတဲ့အတွက် ကျေးဇူးပါဗျာ။ ညီလေးလည်း အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်.။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

8Yar said...

shwewunyatana<< တင်ပါ့ဘုရား။ အမြဲလာအားပေးလို့ ကျေးဇူးတင်ကြောင်းပါဘုရား။ တင်ပါ့ဘုရား။ ဘုန်းဘုန်းလည်း အမြဲလာလာကြည့်လို့ မောရော့မယ်။ တောင်းပန်ပါတယ်ဘုရား။ ဘုန်းဘုန်း လည်းကျမ်းမာ၊ ချမ်းသာပါစေ ဘုရား။

jasmine(တောင်ကြီး<< ဟာဂျာ အစ်မJas လာနောက်နေတယ်။ တစ်ရက်ကြီးတဲ့သူတောင် ဗဟုသုတက တစ်ရက်စာပိုများတယ်။ အစ်မ ဗဟုသုတပိုများတာ ကျွန်တော် အသိဆုံးပါ။ ကျွန်တော်ကို မြှောက်ပြောတဲ့ အတွက်ကျေးဇူးပါဗျာ။ နောက်မှမုန့်လိုက်ကျွေးတော့မယ်နော်။ :P

ဇော်သိင်္ခ<< ဪ အစ်ကိုခရီးလွန်နေတာကိုး။ အဲ့ဒါကြောင့်ပျောက်ချက်သားကောင်းနေတာ။ ပြန်လာပြီဆိုတော့ 8Yar အတွက် မုန့်လေးဘာလေးပါဘူးလားဗျာ။ :P လာအားပေးလို့ ဝမ်းသာတယ် အစ်ကိုရေ။ အစ်ကို ဇော်သိင်္ခလည်း အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေခင်ဗျာ။

ညီရဲ said...

ညီရေ...
အစ်ကိုလဲ ကျန်းမာရေး မကောင်းလို့ ခုတလော သိပ်အာရုံမစိုက်နိုင်လို့ မရောက်ဖြစ်ခဲ့ဘူး။ အစစ အရာရာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...ညီ...

မိုးခါး said...

သာယာနေပြီဆိုလို့ ၀မ်းသာကြောင်း :D :P
နတ်တွေအကြောင်း ခုမှ ကြားဘူးတယ် ..း)) ပုံတွေ ကြည့်သွားပါ၏း)

မြသွေးနီ said...

မတူညီကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့တွေအကြောင်း ဗဟုသုတရလိုက်ပါတယ် မောင် 8ရာရေ...

မအိမ်သူ said...

ခုမှပဲရောက်ဖြစ်တော့တယ်ကွယ်။ ရေကြီးတာနဲ့ ရေလွတ်ရာသွားရှောင်နေလို့ အင်တာနက်နဲ့ဝေးသွားတယ်။ စာလိုက်ဖတ်စရာ အကြွေးတွေအများကြီးလဲ တင်သွားတယ်။ အခုမှ နိုင်သလောက်လိုက်ဖတ်တုံးပဲ။ ပို့စ်လေးက စိတ်ဝင်စားစရာကောင်းတယ်။ တစ်ခါမှမကြားဖူးတဲ့အကြောင်းအရာလေး သိလိုက်ရလို့ကျေးဇူးတင်ပါတယ်။ ယုံကြည်မှုဆိုတာ ကမ္ဘာတစ်ဝှမ်းမှာ အမျိုးမျိုးကွဲပြားနေကြတာပဲမို့ မသိဖူးသေးတဲ့ ယုံကြည်မှုတစ်ခုအကြောင်းကို ဗဟုသုတအနေနဲ့ လေ့လာခွင့်ရလိုက်ပါတယ်။ အစစ အဆင်ပြေပါစေ မောင်အိပ်ယာရေ..

Unknown said...

တခါမှ ဒီပွဲတော်ကို မမြင်ဖူးဘူးဗျာ။ မမြင်ဖူးတော့ သိလည်းမသိခဲ့ဘူး။ အခုမှပဲ မြင်ဖူးသွားသလို သေချာလည်း သိသွားတယ်။
အကုန်လုံးကို စိတ်ရှည်လက်ရှည် အသေးစိတ် တင်ပြပေးလို့ ကျေးဇူးပဲ အကိုရေ။
(ဒီဟာလေးမန့်ဖို့ မိနစ်၂၀လောက် Try လိုက်ရတယ်..ဟိ)

ခင်လျက်
ဂျွန်မိုး

8Yar said...

ညီရဲ<< ဟောဗျာ နေမကောင်းဖြစ်ပြန်ပြီ နောက်တစ်ယောက်။ ဒီရက်ပိုင်း ဘလော့ဂ် မောင်နှမတွေ နေမကောင်းဖြစ်ဖြစ်နေသလိုပဲ။ ကျန်းမာရေးလေးတော့ ဂရုစိုက်ပါ ကိုညီရေ။ နေမကောင်းတဲ့ ကြားထဲက လာအားပေးတဲ့ အတွက်ကျေးဇူးကမ္ဘာပါခင်ဗျာ။ ကိုညီ အမြန်ဆုံးကျန်းမာပါစေ။

မိုးခါး<< ဟုတ်ကဲ့ သာယာပါတယ် ရာသီဥတုက :P နောက်တာ နော်၊ 8Yar စိတ်လည်း ကြည်လင်လာပါပြီ ဘလော့ဂ် မောင်နှမတွေရဲ့ကျေးဇူးပါ။ အစ်မမိုးခါးလည်းပျောက်နေတာကြာပြီနော်။ လာအားပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။

မြသွေးနီ<< ဟုတ်ကဲ့... အစ်မတို့ ဗဟုသုတရတယ်ဆိုလို့ ဝမ်းသာရပါတယ်ခင်ဗျာ။ လိုအပ်တာရှိရင်လည်း မောင်ငယ် 8Yar ကိုထောက်ပြပြနိုင်ပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

မဒမ်ကိုး said...

ကိုရွှေအိပ်ယာရေ ကျုပ်တော့ နေကမကောင်း ကိုရင့်ဆီမှာ ကွန်ပြတ်နေလို့ လိုင်းပေါ်မရောက်နဲ့ ခုမှဖတ်ရတယ်တော် .
အဲဒါကို Eunos မှာတွေ့သား .ကိုရင့်ဆီအသွားခရီးဆိုတော့ နောက်ကျမှာစိုးလို့မ၀င်ခဲ့တာ ခုမှရှင်းတော့တယ်
ကျုပ်က တရုတ်ပေမယ့် ခေတ်ပျက်တရုတ်ဖြစ်နေလေတော့ ဘုရားကလွဲရင် ဘာမှမသိး)
ကျေး ကျေး

ခင်တဲ့

8Yar said...

မအိမ်သူ<< ထင်တော့ထင်မိသား အစ်မအိမ်သူ ဒီရက်ပိုင်းပျောက်ချက်သားကောင်းနေပါတယ်လို့။ ကျွန်တော့ Post ကိုလှေနဲ့လာဖတ်သွားတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။ :P အခုရော အဆင်ပြေသွားပြီလားခင်ဗျ။ အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

Junemoe<< Connection အခက်အခဲကြားထဲက လာအားပေးပြီး Comment လေးရအောင်ရေးပေးတဲ့ Junemoe ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကျေးဇူးပါဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

8Yar said...

အန်တီတင့်<< အန်တီတင့်ရေ လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အန်တီတင့် Comment ကိုအခုမှမြင်တော့ ပြန်တာနောက်ကျသွားပါတယ်ခင်ဗျာ။ Sorry ပါနော်။

မဒမ်ကိုး<< အစ်မကိုးရေ ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ။ ဟုတ်ပါတယ် Eunos မှာလည်းရှိပါလိမ့်မယ် ဒီဟာလေးကတော့ 779A Upper Serangoon Rd မှာရှိတဲ့ Hougang Tao Mu Temple လေးပါ။ ကျွန်တော်လည်း ခေတ်ပျက်တရုတ်ပါပဲဗျာ။ ဘုရားသိရင် သံသရာမှလွတ်မြောက်ရာဖြစ်ကြောင်းတရားကိုသိနိုင်တာမို့ အရာရာပြီးပြည့်စုံပြီလို့ ကျွန်တ်ာထင်ပါတယ် ခင်ဗျာ။

Anonymous said...

8yar ရေ... နေကောင်းပါစ...နတ်အကြောင်းရေးနေတုန်း နတ်အကြောင်းဆောင်းပါးကို ဖတ်ခွင့်ရလိုက်တဲ့အတွက် ကျေးဇူးပါ။ နတ်ကို ကိုးကွယ်ကြတာလား၊ အားကိုးနေကြတာလား... မြန်မာပြည်မှာ နတ်တွေအတော်ခေတ်စားနေတာ ကြာပါပြီ၊ အဲလိုပွဲတော်မျိုး နေရာအတော်များများမှာ တွေ့ဖူးတယ်။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

Myanmar Online Music said...

I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!!