“ညီလေးမျိုးသူ မျက်နှာကျက်တွေတက်စစ်လိုက်ပါကွာ။ အစ်ကိုတို့နှစ်ယောက် ဟိုဘက်မှာလိုက်စစ်လိုက်အုံးမယ်။”
“ဟုတ်ကဲ့အစ်ကို”
ဟုမျိုးသူကပြောကာ လှေကားကိုယူ၍မျက်နှာကျက်ပေါ်သို့ တက်ခဲ့လေသည်။
မျိုးသူမှာ တစ်ဝမ်းတစ်ခါးအတွက် နိုင်ငံရပ်ခြား၌ သူများတွေမလုပ်ချင်သည့် Pest Control ဆိုသောအလုပ်အား လုပ်ကိုင်နေရသူဖြစ်လေသည်။ အမှန်တော့ သူဒီအလုပ်တွင် မပျော်ပိုက်ပါ။ အကြောင်းကား ပါဏာတိပါတာကံကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေရသည်ကတစ်ကြောင်း၊ ပုရွက်ဆိတ်၊ ခြင်၊ယင်၊ ပိုးဟတ်နှင့်ကြွက်တို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ရသည်ကတစ်ကြောင်း စသည့်အကြောင်းကြောင်းတွေကြောင့်ပင်ဖြစ်သည်။ ဒီအလုပ်ကထွက်၍ တစ်ခြားသောအလုပ်လုပ်ရန်ကလည်း အခုခေတ်ကြီးတွင် မလွယ်ကူလှပေ။
ထို့ကြောင့် ဒီအလုပ်ကိုပဲ ကြိတ်မှိတ်လုပ်ကိုင်ခဲ့ရာ အခုဆိုရင် နှစ်နှစ်တင်းတင်းပင်ရှိခဲ့လေပြီ။ သို့သော် သူ့တွင်အပိုအလျှံဆို၍ ဘာမျှမရှိခဲ့ပါလေ။ တစ်လတစ်လရသောငွေများအား ခြိုးခြံခြွေတာ၍ ယူထားသောအကြွေးအားဆပ်ခြင်းဖြင့်သာ နေရလေသည်။
ထိုသို့ကိုယ့်အကြောင်းကိုစဉ်းစားမိလေ စိတ်ညစ်ရလေမို့ အလုပ်တွင်သာစိတ်နှစ် ၍လုပ်မည်ဟုစဉ်းစားရင်း မျက်နှာကျက်ပေါ်ရှိ ခိုင်မာသောတန်းများကို ရှာနင်းကာ ကြွက်ထောင်ချောက်များအား လိုက်လံစစ်ဆေးလိုက်သည်။ တစ်ခုသောကြွက်ထောင်ချောက်တွင် လှုပ်ရှားရိပ်လိုလို မြင်လိုက်သဖြင့် ခပ်သွက်သွက်လျှောက်သွားရာ…
ဒုတ်…..
ဝုန်း!!!
ဆိုသည့် အသံနှင့်အတူ မျိုးသူတစ်ယောက် ထောင်ထွက်နေသောတန်းအား တိုက်မိကာ အောက်သို့ဇောက်ထိုးကျသွားလေသည်။ မြေပြင်နှင့် ထိလုချိန်တွင် လက်ဖြင့်လှမ်းထောက်လာရာ ကျချက်ပြင်းလှသဖြင့် လက်မှာသွင်သွင်ကျိုး၍ အရှိန်ဖြင့်မြေကြီးပေါ်သို့ မေးစေ့ဖြင့်ထပ်ကျသွားလေရာ မျိုးသူခမျှာ မေးစေ့အား အောက်မှပင့်ရိုက်သကဲ့သို့ ပြင်းစွာသောဝေဒနာကို ခံစားလိုက်ရလေသည်။ သို့သော် သတိကားလွတ်မသွားသေးချေ။
ထိုအချိန်တွင် လူတစ်ယောက်ပြေးလာကာ
“ညီလေး၊ ညီလေး ဘာဖြစ်သွားသေးလဲ”
ဟုမေးကာ အခြေနေကိုကြည့်လေသည်။ မျိုးသူမှာ စကားပင်ပြန်မပြောနိုင်လောက်အောင် နာကျင်လှသဖြင့် ညီးတွား၍သာနေရလေသည်။ ထို့ကြောင့် ထိုလူကပင် လူနာတင်ယာဉ်ခေါ်ကာဆေးရုံသို့ ပို့ပေးခဲ့ရသည်။
နောက်တစ်နေ့နံနက်တွင် အထွေထွေဆေးရုံကြီး၏ တစ်ခုသောထောင့်ရှိ ကုတင်ပေါ်တွင် ချုပ်ရာတွေဗလပွ၊ ပတ်တီးတွေအဖွေးသားနှင့် မျိုးသူတစ်ယောက် ဝေဒနာကိုအံကြိတ်ခံရင်း လှဲ၍သာနေလေသည်။ အမှန်တော့ အံမကြိတ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မနေ့ကကျခဲ့သော အရှိန်ကြောင့် အပေါ်ရှေ့သွားလေးချောင်းနှင့် အောက်သွားတစ်ချောင်းမှာ ဆုံးရှုံးခဲ့ရလေသည်။ ကျန်သွားများမှာလည်း နေရာရွေ့သွားသဖြင့် ဆရာဝန်များက ကြိုးစား၍ စတီးကြိုးများဖြင့် ဖမ်းဆွဲကာ ထိန်းထားပေးသည် ဟုသိရသည်။ ညာဘက်လက်မှာလည်း သွင်သွင်ကျိုးသွားသည်ဖြစ်ရကား စတီးချောင်းထည့်မှရမည်ဟု ဆရာဝန်များကပြောကြားသွားလေသည်။
ထိုအချိန်တွင် မျိုးသူရင်ထဲ၌ ရွှေ၊ ငွေ၊ ဥစ္စာ နှင့် စီးပွား ဘာဆိုဘာမှမလိုချင်တော့ပါ။ သူအလိုချင်ဆုံးမှာ သူ့အမေတိုက်သော ရေတစ်ခွက်နှင့် သူ့အဖေ၏ အားပေးအပြုံးလေးကိုသာ လိုချင်နေမိသည်။ ရင်ထဲမှာလည်း
“အမေရေ..............”
“အဖေ သားကိုလာကြည့်ပေးပါအုံးဗျာ........”
ဟုသာ ကြေကွဲစွာအကြိမ်ကြိမ်အော်နေမိတော့သည်။ ဘယ်လောက်ပင်ရင်ထဲကအော်အော်၊ ဆန္ဒတွေဘယ်လောက်ပြင်းပြင်း၊ သူ၏မိဘများကတော့ သိနိုင်မည်မထင်ပါ။ ထို့ကြောင့် မိဝေးဖဝေးဖြင့် အားငယ်စွာ မျက်ရည်ကျနေရုံမှတစ်ပါး အခြားမရှိတော့ပေ။
မျိုးသူကဲ့သို့သောသူများ ဘယ်လောက်များတောင် ရှိခဲ့လေပြီဆိုတာကတော့ လောကကြီးမှတစ်ပါး မည်သူမှသိနိုင်မည်မထင်။
8Yar
30th Aug 2011