Wednesday 29 February 2012

သိနေပေးပါ။



အဝေးကတိမ်တွေကို ကြည့်တယ်
ရင်ထဲမှာတော့ ဗလာပဲ
သူ့လောက်မှ အမှတ်မကြီးတာ
ဘာကျန်ခဲ့မယ် ထင်လို့လဲ....

ရပါတယ်
ပေးဆပ်သူလို့ ဟစ်ကြွေးနေမှတော့
ငါ့နှလုံးသားပေါ် ဓားလေးတင်ပြီး
ဆွဲခြစ်ခဲ့တာကို ထုတ်မပြတော့ပါဘူး....

ဒါပေမယ့်
မင်း တခါတခါကျတဲ့ မျက်ရည်တွေဟာ
ငါ့နှလုံးသားကို ကျိန်းစပ်စေတယ်ဆိုတာ
မမြင်ပေမဲ့ သိနေပေးပါ....။

8Yar

29th Feb 2012

Tuesday 21 February 2012

အမှားရဲ့ တံလျှပ်



တနေ့က
အိမ်မက်တွေ မက်တယ်။
ငါ့ဆီမှာ
ဆူးရှတဲ့ ကြယ်တွေ ရှိတယ်တဲ့....

တနေ့က
စိတ်ကူးတွေ တက်တယ်။
ငါဟာ
ကျဉ်းမြောင်းတဲ့ စကြာဝတေးမင်းတဲ့....

တနေ့က
ချစ်သူက ပြောတယ်။
နင်ဟာ
ပုံသဏ္ဍာန်မမှန်တဲ့ ကျောက်ဆောင်တဲ့....

တနေ့က
လောကကြီးက ပြောတယ်။
အမှန်လေးရှိရင်
ခဏပြပါတဲ့.....

အဲ့ဒီနေ့ကပဲ
ကျွန်တော်...
အမှားတွေအများကြီး ထုတ်ပြမိလေရဲ့....။

(မှတ်ချက်။ "ဆူးရှ" သည် စူးရှ ခြင်း အဓိပ္ပါယ်မဟုတ်သောကြောင့် ဆလိမ်ဖြင့် သက်သက် "ဆူး" ထားခြင်းဖြစ်ပါသည်။)

8Yar

21st Feb 2012

Sunday 19 February 2012

တရားပွဲနဲ့volunteer

ဒီနေ့တော့ Chingay (အပိုင်း၂) ကိုတင်ဖို့ သိပ်အားမရှိတာနဲ့ မနေ့ညက တရားပွဲမှာရိုက်ထားတဲ့ ပုံလေးတွေကိုပဲတင်လိုက်ပါတယ်။ အားမရှိဆို ကိုယ်ရိုက်ထားတဲ့ ပုံတွေက မှုံရီဝေ ဝိုးတဝါး ဖြစ်နေလေတော့ စိတ်လေနေမိတာ မဆန်းပါဘူး။ မနေ့ညက Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488 မှာ ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ရဲ့ တရားပွဲကျင်းပခဲ့ပါတယ်။ ဆရာတော်ဟာ တရားဟောကောင်းသလို လူငယ်တွေကိုပေးချင်တဲ့ message ကလည်းအရမ်းကောင်းပါတယ်။ ဒီနေ့ (19th Feb) Pao Kwan Foh Tang Tampleယ 21 Shun Fu Road, Singapre 575741 မှာထပ်ရှိသေးတာမို့ သွားဖို့ကြိုးစားနေပါတယ်ခင်ဗျာ။

ဆရာတော်ကြွမလာမီ ပြင်ဆင်နေကြသော Online radio အဖွဲ့သားများပါ။ မနေ့က ငါးဖွဲ့လာပါတယ်။

တရားပွဲမတိုင်မီ ရောက်ရှိလာကြသော တရားနာပရိတ်သတ်များ။

ဆရာတော် စတင်လို့ကြွချီလာပါပြီ။

တရားဟောရန် စတင်ပြင်ဆင်။

တရားရေအေး တိုက်ကြွေးစဉ်။

တရားနာ ပရိတ်သတ် နှင့် ဆရာတော်။

ဆရာတော်၏ ဥပမာပေး ကောင်းခြင်းကြောင့် တရားနာပရိတ်သတ်များ ရယ်ရွှင်။

အပြုံးကိုယ်ဆီဖြင့် တရားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်ခင်ဗျာ။

တဆက်ထဲပြောပါရစေခင်ဗျာ။ ကျွန်တော်ရဲ့ ဘလော့အစ်မ တစ်ယောက်ဖြစ်တဲ့ အစ်မဝါက
မေတ္တာရှင် ဆရာတော်အရှင်ဇ၀န(ရွှေပြည်သာ) ရဲ့ တရားပွဲအောင်မြင်စွာဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေပါတယ်။ အစ်မဝါဆီကသိရတာက volunteer များထပ်မံလိုအပ်နေကြောင်းကိုပါ။ အဲဒါကြောင့် 8Yar အနေနဲ့ မသိသေးသူတွေနဲ့ volunteer လုပ်ချင်သူများအတွက် ဒီသတင်းကိုပြန်လည်မျှဝေပါတယ်ခင်ဗျာ။ အသေးစိတ်ကို ဒီမှာ သွားရောက်ဖတ်ရှုပေးကြပါခင်ဗျာ။

ပထမနေ့တရားပွဲ-
နေ့ရက်- (၃.၃.၂၀၁၂) စနေနေ့
အချိန် - ညနေ (၆)နာရီ မှ ည (၉)နာရီ အထိ

နေရာ-
Poh Ern Shih Temple ,
No.9 Chwee Chian Road,
ှSingapore 117488
---------------------
ဒုတိယနေ့ တရားပွဲ-
နေ့ရက်- (၄.၃.၂၀၁၂) တနင်္ဂနွေနေ့
အချိန် - ညနေ(၆)နာရီ မှ ည (၉)နာရီ အထိ

နေရာ-
Function Room 1,
The Arena Country Club,
511 upper Jurong Road,
Singapore 638366,
Near ( Joo Koon MRT)

တို့မှာဖြစ်ပါတယ်ခင်ဗျာ။ လုပ်အားပေးလိုသူများ အနေနဲ့ အစ်မဝါ ကိုဖြစ်စေ၊ 8Yar (9191 9264) eightyar@gmail.com ကိုဖြစ်စေ ဆက်သွယ်ပေးကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

အားလုံးကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျာ


8Yar

19th Feb 2012

Saturday 11 February 2012

Chingay (အပိုင်း၁)

မင်္ဂလာပါခင်ဗျာ။ အရှေ့ Post မှာပြောခဲ့သလို 8Yar တစ်ယောက် 3rd Feb နဲ့ 4th Feb နှစ်ရက်ဆက်တိုက် Pit Building မှာကျင်းပတဲ့ Chingay ပွဲတော်ကို ပြေးခဲ့ပါတယ်။ 3rd Feb နေ့ဖြစ်တဲ့ ပထမရက်မှာ ရိုက်တဲ့ပုံတွေက shutter speed ကိုမှားချိန်မိလို့ ပုံပေါင်း 699 File လုံးလုံး မဝါးတဲ့ပုံ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ 4th Feb မှာတော့ အစ်ကိုဖြစ်သူ KyawZO လည်းပါ၊ သူငယ်ချင်းဖြစ်သူ ကျော်ကြီးလည်းပါတော့။ ဆရာနှစ်ဆူ အားကိုးနဲ့ အကောင်းဆုံးတော့ကြိုးစားလာခဲ့ပါတယ်။

ကဲ.... စမယ် မူးတတ်တဲ့သူပါရင် ကျွတ်ကျွတ်အိတ်လေး ဆောင်ထား၊ လန့်တတ်တဲ့သူပါရင် စောင်လေးယူထား ပေါ့ဗျာ။ ဟီး....

ပွဲမစခင် မြင်ကွင်း။

အချို့လဲ ဒီလို အားပေးကြပါတယ်။ အလယ်က ကလေးကတော့ ခြင်ထောင် အမှတ်ဖြင့်.....

လာပါပြီခင်ဗျာ ပထမဆုံး အဖွဲ့။ ဗိုလ်အောင်ဒင်အလား ထင်မှားလောက်ပေတယ်။

ဆော့စရာရှားလို့ မီးကိုမှ သွားဆော့ရသလား ဦးရယ်။

နဂါးကိုးကောင် မဟုတ်တဲ့ နဂါးသုံးကောင်ကား။

နတ်တွေဆိုတော့ မြေကြီးနဲ့ မထိအောင်လမ်းလျှောက်ကြတယ်။

နဖူးပြောင်တဲ့ ဦးမောင် နတ်များ။

ဒီဟာကတော့ မြင်တဲ့ အတိုင်း တချို့က ပါးစပ်နဲ့ ကိုက်ပြီး ထိန်းတယ်၊ တချို့က နဖူးပေါ်တင်ပြီး ထိန်းတယ်၊ တချို့က ပုခုန်းသုံးပြီး၊ တချို့က ဗိုက်ပေါ်တင်ပြီး လမ်းလျှောက်ပြတယ်။ တစ်ယောက် တစ်လှည့်နဲ့ လဲသွားရင် ဘေးကလူတွေက ဝိုင်းထိန်းပေးကြပါတယ်။ ဟိုတစ်ခေါက် 8Yar လဲ တုန်းက ဘယ်သူမှ ဝိုင်းမထိန်းပေးကြဘူး။ ထိန်းမဲ့သူတွေက ကိုယ့်အရင် မူးပြီးလဲနှင့်နေကြလို့။ သောက်လို့မူးတာတော့ မဟုတ်ဘူး။ 8Yar Dance ပြလိုက်လို့ မူးပြီးလဲသွားတာ။ ဟတ်ဟတ်.....။

တော်ချက်က လန်ထွက်နေတာပဲ 8Yar တို့လို အမြင့်ကြောက်တဲ့လူနဲ့တော့ မဖြစ်ဘူး။

ခေါင်းရော ကိုယ်ပါ အမွှေးတိုင်တွေ စိုက်ထားသော မီးနဂါး။

လာပါပြီခင်ဗျာ အစိမ်းရောင် နတ်မိမယ်လေးတွေ။

သူကတော့ အလှပြယဉ်ပေါ်က အလှဆုံး နတ်မိမယ်လေးပါ။ လူပျိုသိုး ဘလော့ဂါ ကိုကိုများ အတွက် 8Yar ရဲ့ လက်ဆောင်မွန်ပါခင်ဗျာ။

ဟင့်အင်း ငါတို့က အသားညိုမှကြိုက်တာ ဆိုတဲ့ ကိုကိုသိုးများအတွက် နောက်ထပ်ရွေးစရာ......။
ခြယ်ထားတာတော့ အတော်သေသပ်ပြီး လှသဗျာ။

8Yar ကိုနှုတ်ဆက်တဲ့ ဂျပန်မလေး။ ရယ်ပြသလား... ငိုပြသလား... မသိတော့ပြီ.......။

8Yar ရဲ့ရိုက်ချက်အောက်မှာ ကားကနဲ။ တခါ တခါ ကိုယ့်ရိုက်ချက်တွေကို ကိုယ်ပြန်ကြောက်မိတယ်။ ဟီး.....

ဪ ကိုယ့် အဝတ်အစားနဲ့ကိုယ် ရှုပ်နေရတယ်လို့ ကွယ်။

ပန်းနီနီ ပေးနဲ့ကွယ် ပန်ချင်ဘူး။

8Yar ကိုကြည့်ချင်တာများ ရိုးရိုးလှည့်ကြည့် လဲရသားနဲ့။

အိုစမာဘင်လာဒင်ရဲ့ညီ အိုဇာတာခင်မာတင် ပါခင်ဗျာ။

မလေး ပုသိမ်သူများအဖွဲ့။

တစ်ပင်တိုင်ထီး အက ဆိုတာများလား.....။

စင်ပေါ်က သူကြီးသားဘစီ ရွာထဲဝင်ကာ သောင်းကျန်းနေသည်။

နောက်ဆုံး အနေနဲ့ မျက်ဝန်းပြာလေးကို တင်ပြရင်း Post လေးကို ရပ်နားပါရစေ။ 8Yar ရဲ့ပုံလေးတွေဟာ စာဖတ်သူနဲ့ ဘလော့ မောင်နှမတွေရဲ့ ဘဝ အမောတွေကို ခေတ္တ ပြေပျောက် လျော့ပါး စေတယ် ဆိုရင်ပဲ 8Yar တစ်ယောက် အရမ်းကြည်နူးမိမှာ အမှန်ပါခင်ဗျာ။

(မှတ်ချက်။ ။ ပုံများကို ပြန် share လိုပါက ပြန် share နိုင်ပြီး၊ ကျွန်တော့ ဆိုက်လေးကိုတော့ ပြန်ညွှန်းပေးပါရန် တောင်းပန်အပ်ပါသည်။)

အားလုံးပျော်ရွှင် ကျန်းမာကြပါစေ။

8Yar

12th Feb 2012

Friday 3 February 2012

Chingay သတင်း!!!



သတင်းဗျိုး.... သတင်း....... ဒီနေ့ Feb 3rd ည နဲ့ Feb 4th ညမှာ Chingay ပွဲ ရှိပါတယ်ဗျိုး!!! သွားချင်တဲ့သူတွေအတွက် ဟော့ဒီမှာ link ။ နေရာက Pit Building (Next to Singapore Flyer) မှာ အချိန်က 8.30pm မှာပါခင်ဗျာ။ ကျွန်တော်လဲ အစ်ကိုဖြစ်တဲ့ KZO ကလှမ်းပြောလို့ သိရတာပါ။

Chingay ပွဲဆိုတာ ဘာတုန်းဟ? ဆိုတဲ့ အစ်ကို၊ အစ်မတွေကို ဖြေရရင်... သားလဲ သိဘူး လို့ပြောရမှာပဲ။ :P တကယ်ပြောတာ။ ထင်တာပြောပြမယ်နော်။ Chingay ပွဲက တစ်နှစ်မှာ တစ်ခါကျင်းပတယ်လို့ ထင်ပါတယ်။ ဒီနိုင်ငံသားတွေအပြင် အခြားနိုင်ငံက အဖွဲ့တွေပါ ဖိတ်ခေါ်ပြီး လုပ်ကြတာပါ။

8Yar ကြိုက်တာက အဝတ်အစား ဆန်းဆန်းကြီးတွေ ဝတ်ထားတာကိုပါ။ ဝတ်တာတော့ အစုံပဲ ကာတွန်းကားထဲက ဇာတ်ကောင် ပုံစံတွေ၊ ဂိမ်းထဲက ပုံစံတွေ ဝတ်တက်ကြတယ်။

ရိုးရာ အဝတ်စားတွေဝတ်ပြီးတော့လည်း ကတက်ကြတယ်။

ဟီး.... 8Yar သိတာဒီလောက်ပဲ။ Chingay အကြောင်းကောင်းကောင်းသိတဲ့ သူတွေပါရင် မျှဝေပေးပါလို့ တောင်ဆိုပါရစေနော်။

ကဲ..... လိုက်ချင်တဲ့သူတွေ ကင်မရာကို အသင့်ပြင် ကိုချီတက်ကြစို့!!!

စာတွေ အများကြီးရေးလိုက်ရလို့ မောသွားပြီ။ အအေးလေးဘာလေးရှိရင် လာတိုက်ဗျာနော်။ ဟီး......

ဘလော့ မောင်နှမတွေကို သတိရလျှက်......
စာဖတ်သူများကို လေးစားလျှက်......
8Yar
3th Feb 2012