Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
Saturday, 22 September 2012
ညောင်မုတ်ဆိတ်
နံနက်ခင်းကတော့ အလင်းရောင်တွေ အခင်းအကျင်းနဲ့ ရောက်လာပြန်ပြီ။ လေပြေအချို့က တောင်မြောက် ပြေးလွှားရင်း လောကကို ကျီစယ်နေလေရဲ့။ ငှက်အချို့က အာရုဏ်အတက်မှာ အစာရှာ၊ ညဥ့်ပျော်ငှက်တွေက အိပ်တန်းတက်ဖို့ပြင်နဲ့ လောကတစ်ခွင်လုံး သူ့ဟာနဲ့သူ အံဝင်လျှက်ရှိကြသည်။ သို့သော် အံမဝင် အဆင်မပြေလှသူတစ်ဦးတော့ရှိလေရဲ့။ ထိုသူမှာ မြန်မာပြည် မြေလတ်ပိုင်း ရွာတစ်ရွာမှ သာဂိ ဟုခေါ်သော နွားကျောင်းသား တစ်ဦးပင်ဖြစ်သည်။
သာဂိမှာ နွားကျောင်းသား ဟုသာဆိုသည် မြို့သားတွေမြင်ဖူးသော ဂျင်းဘောင်းဘီ ဖင်ကြပ်နှင့် အင်္ကျီ အကွက်ကြဲကြီးကိုဝတ်၊ လည်ပင်းတွင် ပုဝါစည်းကာ သားရေဦးထုပ်ကို ခပ်စောင်းစောင်း ဆောင်း၊ ခါးတွင်သေနပ်ကိုချိတ်၍ အနောက်တွင် ဒလက်ပါသောဘု(စ်) ဟုခေါ်သောသားရေဖိနပ်အမာကြီးကိုစီး၊ မုတ်ဆိတ် ကျင်စွယ်ထူလဗျစ်နဲ့ လူကြည့်ရင် ပေစောင်းစောင်းကြည့်ပြီး ပါးစပ်ကို ခပ်ရွဲ့ရွဲ့ထားကာ ဆေးပြင်းလိပ်ခဲတတ်သော အနောက်တိုင်းသား နွားကျောင်းသားများလောက် ပဲမများလှပေ။ သို့သော် စာထဲ၊ ပေထဲတွင် မြင်ဖူးသော ခေါင်းတွင် ပုဝါစည်း၊ ခါးတောင်းကို မြှောင်အောင်ကျိုက်၊ အင်္ကျီဗလာနှင့် အထိန်းကြိုးမပါသော နွားကိုစီးကာ ပုလွေမှုတ်၍ နွားကျောင်းတတ်သူလောက်လည်း နွားကျောင်းသားမပီသလှပေ။
သာဂိ၏ ပုံသဏ္ဍာန်မှာ ဂျင်းဦးထုပ်ဟောင်းကိုဆောင်း၊ မြို့လူကြီးများလာတုန်းက ရထားသော ရွဲတဲတဲလူကြီးဝတ်ကြော်ငြာအင်္ကျီအဟောင်းတစ်ထည်ကိုဝတ်ကာ တွန့်ကြေနေသော ချည်ကြမ်းပုဆိုးကို ခါးတွင်ခပ်တင်းတင်းစည်းထားသော ၁၆ နှစ်အရွယ် လူငယ်လေးပင်ဖြစ်သည်။
သာဂိမှာ မနေ့ညက ရွာကျောင်းဦးဇင်းမှ ချပေးလိုက်သော လောကနီတိအား အခုမနက်ပိုင်းတွင် အပြီးကျက်ရန် စိတ်ပိုင်းဖြတ်ပြီး ရွာစွန်၊ တောစပ်ရှိ ညောင်မုတ်ဆိတ်ကြီးဆီသို့ ရောက်လာခဲ့လေသည်။ ထိုညောင်မုတ်ဆိတ်ကြီးမှာ အတော်ပင်ကြီးလှရကား လူကြီးလေးဖက်စာလောက်ပင်ရှိလေသည်။ ညောင်မုတ်ဆိတ်ဆိုသည့်အတိုင်း အကိုင်းမှ အမြစ်များရှည်လျားစွာကျနေသောကြောင့် လေတိုက်လျှင်ပင် အခတ်၊ အလက်ချင်း ရိုက်သံကြားရလေသည်။ ထိုညောင်မုတ်ဆိတ်ကြီး၏ပင်စည်မှာ လုံးလုံးဝန်းဝန်းမရှိပဲ အလယ်သို့ အနည်းငယ်စီချိုင့်ဝင်လျှက်ရှိရာ လေးဘက်လေးတံ အခန်း၊ အကန့် လေးများသဖွယ်ဖြစ်နေလေသည်။
သာဂိသည်ရွာလမ်းမကို ကျောပေး၍ တောစပ်သို့မျက်နှာမူရာ အပင်၏အတွင်းပိုင်း၊ အနောက်ဖက်၌ ဝင်၍ထိုင်ပြီး စာမကျက်သေးပဲ တောင်တွေး၊ မြောက်တွေးလုပ်နေသည်။ များမကြာမီ ရွာလမ်းမဖက်မှ ခြေသံပြင်းပြင်းဖြင့် သူထိုင်နေရာ ညောင်မုတ်ဆိတ်သို့ ဦးတည်လာသံကို ကြားလိုက်ရသည်။ ထိုခြေသံသည် ညောင်ပင်၏ အရှေ့၌ရပ်သွားကာ ပါလာသောပစ္စည်းများချသံကိုဆက်ကြားရလေသည်။ ထို့နောက် အမွှေးတိုင်နံ့များနှင့်အတူ ကြားရသည်မှာ...
"ဤညောင်ပင်အား အပိုင်စားတော်မူသောနတ်မင်းကြီးအား အခုပါလာသော စားဖွယ်များနဲ့ ပူဇော်ပသပါတယ်ရှင်.... ယခုကဲ့သို့ ပူဇော်ရသော အကျိုးကြောင့် ကျွန်တော်မျိုးမ၏ ကုန်စုံဆိုင်မှာ အမြတ်များစွာ၊ များစွာ ရပြီး.... ရွာတွင် အချမ်းသာဆုံးဖြစ်အောင် မစတော်မူပါ နတ်မင်းကြီးရှင်....။"
ဟု ၃ ခေါက်ထက်မနည်း ရွတ်ဆိုပြီး "ငါတော့ မကြာခင်ချမ်းသာတော့မှာပဲ..." ဟုရေရွတ်ကာ ထွက်သွားလေသည်။
တာဂိမှာ ပါးစပ်ကြီးဟ၍ ဘာဆက်တွေးရမှန်း မသိရှိနေစဉ် ဒုတိယမြောက် ခြေသံကိုကြားလိုက်ရပြန်သည်။ ထိုခြေသံပိုင်ရှင်မှာလည်း ညောင်ပင်၏ အရှေ့တွင်ရပ်သွားသံနှင့် ထိုလူ့ထံမှ ညောင်ကိုင်းအား တစ်ခုခုနှင့် လိုက်ထိုးနေသံကြားရသည်။
ညောင်သီးများလာခူးလေသလား?? မဖြစ်နိုင်ပေ။ ညောင်သီးမှာ စားကောင်းသည်ဟု မကြားဖူးပေ။
တာဂိ စဉ်းစားနေစဉ် ထိုလူ့ထံမှ ရေရွတ်သံထွက်လာလေသည်။
"ကဲ ညောင်ကိုင်းထောက်လို့ အသက်ရှည်၊ ကျန်းမာ၊ ရောဂါဘယကင်းရပါစေဗျာ....။"
ဟုဆိုကာ ဒုတိယခြေသံပိုင်ရှင်လည်း ညောင်ပင်အောက်မှ ထွက်ခွါသွားလေသည်။ သာဂိမှာသာ ပါးစပ်မပိတ်နိုင်ပဲ နားဆက်စွန့်နေမိသည်။
ထိုစဉ် တတိယမြောက် ခြေသံကိုကြားရပြန်သည်။ ဒီတစ်ခါ ခြေသံပိုင်ရှင်မှာ တစ်ယောက်ထက်မက ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ခြေသံမှာရှုပ်ထွေး၍ ဆူညံသောကြောင့်ပင်ဖြစ်သည်။ ထိုခြေသံများနှင့်အတူ ယောက်ျားတစ်ယောက်၏ စကားသံကို စကြားရလေသည်။
" မြန်မြန်လာပါ မယ်စင်ရယ်...။"
ထို့နောက်ဆက်ကြားရသည်က...
"ဒီထက်ပဲမြန်ရအုံးမလားတော်..."
ဟုမိန်းမတစ်ဦး၏ ဖြေသံပင်ဖြစ်သည်။ ထို့နောက်...
ကျား: လာဒီထဲဝင်မယ်...
မ: အိုတော်... မြွေတွေ၊ ကင်းတွေပေါပါဘိသနဲ့...
ကျား: ကျုပ်ရှိပါတယ်ဗျာ။ ဘာကြောက်စရာရှိလဲ။
ဟုဆိုကာ ညောင်ပင်အောက်သို့ ဝင်လာလေသည်။ ယခင်လူများမှာ ညောင်ပင်ခံနေ၍ သာဂိအားမမြင်သော်လည်း ယခုသူနှစ်ဦးမှာ ညောင်ပင်၏ အရှေ့တွင်မရပ်ပဲ ဘေးသို့ကွေ့ဝင်လာသဖြင့် သာဂိ၏ ဘေးချင်းကပ် ညောင်ပင်အကန့်ထဲသို့ ရောက်ရှိသွားသောကြောင့် အခန့်မသင့်လျှင် သာဂိအားမြင်တွေ့သွားနိုင်သည်။ ထို့ကြောင့်သာဂိမှာ ပင်စည်နှင့်ကျောကို ပြားနေအောင် ကပ်ထားမိလေသည်။
ကျား: ဒီနားတိုးပါ မယ်စင်ရယ်....
မ: အိုတော် သူများတွေမြင်သွားမှဖြင့်
ကျား: မမြင်ပါဘူးကွာ... နည်းနည်းလောက်ကပ်စမ်းပါ....
မ: ရှင်နဲ့တွေ့တိုင်း ဒီလိုချည့်ပဲ.... ဒါပဲနော်.. ဘယ်သူကိုမှ မပြောရဘူး။
ကျား: အင်းပါကွာ... မပြောပါဘူး။
သာဂိ ပါးစပ်ဟနေရာမှ မျက်လုံးပါပြူးသွားသည်။
ကျား: လာဒီကို...
မ: အို... ဒီလူ အတော်ဆိုးတာပဲ....
ကျား: ချစ်လို့ပါကွာ...
သူတို့တော့မသိ... သာဂိမှာ အာခေါင်တွေခြောက်ကာ ရင်ခုန်သံတွေမြန်လာသည်...
မ: ဟွန့်... မပြောချင်ဘူး။ ကဲ.. တော်ပြီ အသက်ရှူလို့ရတော့ဘူး... လွှတ်တော့..
ကျား: ချစ်လို့တောင်မဝသေးဘူး။
မ: နောက်တစ်ခါ လာမတွေ့ပဲနေလိုက်မှာနော်...။
ကျား: ဟုတ်ပါပြီ... ဟုတ်ပါပြီ... လွှတ်ပါပြီဗျာ။
မ: ကျုပ်မောင်တွေလာတော့မယ် ထင်တယ်... လမ်းခွဲကြစို့ရယ်။
ကျား: ကောင်းပါပြီဗျာ... ကျုပ် မယ်စင်ကိုအရမ်းချစ်တယ်.. ဆိုတာမမေ့ပါနဲ့နော်....။
မ: မမေ့ပါဘူးတော်။ တော်သာ ဝါမဝင်ခင် လူကြီးတွေဆီမှာ လာတောင်းနိုင်အောင်ကြိုးစား....။
ကျား: ဟုတ်ကဲ့ပါဗျာ....။ သွားစို့....
ဟုဆိုကာ ညောင်ပင်အောက်မှ ထွက်ခွါသွားကြလေသည်။ သူတို့ထွက်သွားသော်လည်း သာဂိတစ်ယောက် ရင်တုန်မပြယ်နိုင်သေး။ အသက်ကိုမှန်မှန်ရှူ၍ သက်ပြင်းချလိုက်မှပင် အဆင်ပြေသွားလေသည်။
ထို့နောက် စာကျက်ရန် စာအုပ်ကိုပြန်ကိုင်လိုက်စဉ် စတုတ္ထမြောက်ခြေသံထပ်ကြားရပြန်သည်။ ဒီမနက်တော့ သာဂိ တစ်ယောက် စာကျက်ဖြစ်ဖို့မမြင်...။ ထိုစတုတ္ထမြောက်ခြေသံပိုင်ရှင်သည် ညောင်ပင်ရှေ့သို့ဝင်လာပြီး...
"ဟူး မောလိုက်တာ။ ဟွန်း! ညောင်ပင်ကြီးရှိပြီး ရေအိုးစဉ်လေးတောင် မထားဘူး။ ဒီရွာကလူတွေ တော်တော် သဒ္ဓါတရားနည်းပါးတာပဲ..။"
ဟုဆိုကာ ဒေါနှင့် မောနှင့်ထွက်သွားလေသည်။
သာဂိတွင် အတွေးတစ်ခုဝင်လာသည်။ လူအချို့သည် ဤညောင်ပင်အား ပုံစံတစ်မျိုးစီဖြင့် အသုံးချကြသည်။ သာဂိလည်း သည်ညောင်ပင်အား အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့အတ္တအတွက်တော့မဟုတ်ချေ။ သာဂိ၏စိတ်ထဲတွင် စဉ်းစားနေသည်ကား....
" လောကနီတိပြန်နိုင်လို့ ဦးဇင်းက ဘာဆု ယူမလဲမေးရင်... ကျောင်းမှာ ပိုနေတဲ့ သောက်ရေအိုး၊ ခွက် တစ်စုံနဲ့ ကျောင်းအောက်က ပျဉ်တွေကိုကိုတောင်းရမယ်.... တောင်းရမယ်....။
လေးစားစွာ
8Yar
22th Sep 2012
Thursday, 15 September 2011
အသဲပျော့လူသား
တီးတီးတီးတီး.... တီးတီးတီးတီး....
နံနက်အလင်းရောင်နဲ့အတူ နှိုးစက်သံသည် နေမိုးထံသို့ တိုးဝင်လာခဲ့လေသည်။ နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးနှင့်နေပြီ။ ဒီနေ့ ချစ်သူလေး၏မွေးနေ့ ဘုရားအတူသွားရန် လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကတည်းက စီစဉ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ကပ်မှစီစဉ်လျှင် ပျက်တတ်သောကြောင့်ပင်ဖြစ်သည်။ တကယ်လည်း ပျက်ခဲ့ပေါင်းလည်းများလှပြီ။ အကြောင်းမှာ နေမိုး၏ နောက်ကျခြင်းကြောင့်သာဖြစ်ရပါသည်။ ဒီတစ်ခါတော့ နောက်ကျ၍မဖြစ်......
နေမိုး တစ်ယောက်အိပ်ယာမှထကာ ရေမိုးချိုး၊ အဝတ်အစားလဲလိုက်သည်။ အိမ်မှမထွက်ခင် ဒီနေ့ဝတ်ထားသော အဝတ်အစားကို မှန်ရှေ့ရပ်ခါ တခေါက်ပြန်စစ်လိုက်သည်။ အင်္ကျီမှာ ရှပ်လက်ရှည်အကွက်ဝတ်ဆင်ထားပြီး အင်္ကျီလက်ကို တံတောင်ဆစ်နားထိ ခေါက်တင်ထားသည်။ ဘောင်းဘီကိုတော့ အရောင်ပျက်ဖြင့်ပုံဖော်ထားသော ဂျင်းပင်ကိုဝတ်ဆင်ထားသည်။ ကိုယ့်ကိုကိုယ်တော့ မဆိုးဟုဆုံးဖြတ်ကာ ပိုက်ဆံအိတ်၊ ဟန်းဖုန်းနဲ့ အိမ်သော့ ကိုယူကာ ထွက်လာခဲ့လိုက်သည်။
နေမိုးလမ်းပေါ်ရောက်တော့ ရှစ်နာရီထိုးနေလေပြီ။ ချစ်သူနဲ့ချိန်းထားတာက ကိုးနာရီ။ MRTဟုခေါ်သော ရထားကိုစီးလျှင် ချိန်းထားတဲ့နေရာကိုရောက်ဖို့ လေးဆယ့်ငါးမိနစ်လောက်ကြာမည်။ ရထားဂျန့်ဖြစ်လျှင် သေချာပေါက်နောက်ကျပေလိမ့်မည်။ ထို့ကြောင့် Taxiဖြင့်သွားမည်ဟုဆုံးဖြတ်ခါ Taxi Stand ရှိရာသို့လျှောက်လာခဲ့သည်။ Taxi Stand တွင်လူသိပ်မရှိ၊ ထို့ကြောင့်ဝင်၍တန်းစီလိုက်သည်။ တစ်ဆယ့်ငါးမိနစ်အတွင်း နေမိုးအရှေ့ကလူတွေရှင်းသွားလေသည်။ ဒီတစ်ခါ Taxiလာလျှင် နေမိုးအလှည့်၊ စောင့်သည်......
အချိန်တွေတဖြည်းဖြည်းကုန်လာသလို အမိုးမရှိသော Taxi Stand တွင်လည်း နေကတဖြည်းဖြည်းပူလာလေသည်။ အနောက်သို့လှည့်ကြည့်လိုက်ရာ အားပါးပါး...... Taxiစီးမဲ့လူတွေ တစ်မျှော်တစ်ခေါ် တစ်တန်းကြီးဖြစ်နေတော့လေသည်။ မရှိဘူးဆိုရင်တောင် အနည်းဆုံး တစ်ဆယ့်လေးယောက်၊ တစ်ဆယ့်ငါးယောက် လောက်ရှိပေမည်။ နေမိုးတစ်ယောက်နောက်ကျမှာ စိုးရိမ်လာသည်။ နောက်ဆယ်မိနစ်မှ Taxiမလာရင် နေမိုးတစ်ယောက် ပြဿနာတက်ပြီ။ နာရီလက်တံတွေ တစ်ရွေ့ရွေ့ကုန်သွားသလို Taxi Standတွင်မစောင့်နိုင်၍ ထွက်သွားသူများရှိသကဲ့သို့ ထပ်ရောက်လာသူများလည်း မနည်းလှပေ။
ဒီလိုနဲ့ ကိုးနာရီထိုးဖို့ မိနစ်နှစ်ဆယ်အလိုတွင် Taxiတစ်စီး နေမိုးဦးဆောင်နေသော လူတန်းရှည်ကြီးရှိရာသို့ ဦးတည်လာလေရာ နေမိုးမှာ ရင်တခုန်ခုန်နှင့်စောင့်နေမိသည်။ ထိုTaxiသည် အနီးသို့တိုးဝင်လာချိန်တွင် နေမိုး၏မျှော်လင့်ချက်များ တစ်စစီကွဲထွက်သွားသည်။ အကြောင်းမှာ Taxi က On Callဖြစ်နေသောကြောင့်ပင်တည်း။ (On Call ဆိုသည်မှာ Taxiကိုဖုန်းဖြင့်လှမ်းခေါ်ထားသော Taxiများကိုခေါ်ခြင်းဖြစ်သည်။) On Callခေါ်ထားသူမှာ နေမိုးကိုဖြတ်ကျော်ကာ ကားလေးပေါ်သို့ ကျော့ကျော့မော့မော့လေး တက်သွား သွားပေမယ့် နေမိုးမှာ ကြေကွဲ၍ကျန်ခဲ့လေသည်။ သို့သော် ငါးမိနစ်ပင်မပြည့်မီ နောက်Taxiကားတစ်စီးဝင်လာလေသည်။ ဒီတစ်ခါတော့ ကံကြမ္မာကနေမိုးအား မျက်နှာသာပေးချေပြီ။
Taxiမှာ နေမိုးရှေ့သို့ငြိမ့်ညောင်းညင်သာစွာ ထိုးရပ်ပေးလိုက်တယ်ဆိုရင်ပဲ နေမိုးမှာTaxiကားရှိရာသို့ ကြွကြွရွရွလေး လျှောက်သွားလိုက်သည်။ ပြီးတော့ ကားတံခါးကို ဟန်ပါပါဆွဲဖွင့်လိုက်ပြီး ကျန်ခဲ့သောလူတန်းရှည်ကြီးကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် တစ်ချက်ဝှေ့ကြည့်လိုက်သည်။ ထိုသို့ဝှေ့ကြည့်လိုက်စဉ် မျက်ဝန်းထောင့်တွင် ရိပ်ခနဲမြင်လိုက်သည်ကား ပူပြင်းလှသောနေရောင်အောက်တွင် ခပ်ယဲ့ယဲ့ရပ်နေသော အသက်ခြောက်ဆယ်ကျော် အဖွားအိုနှင့် သူမ၏ဘေးတွင် ကြာကြာမရပ်နိုင်၍ Taxi Stand၏လက်ရမ်းကို အားပြုကာရပ်နေရှာသော အသက်ခုနှစ်ဆယ်ကျော် အဖိုးအိုတို့ပင်ဖြစ်သည်။ သူတို့ရပ်နေသည့်နေရာမှာ လူတန်းရှည်၏ တစ်ဝက်လောက်တွင်ဖြစ်သည်။ နေမိုး၏စိတ်ထဲသို့ ဝေဒနာတစ်မျိုးတိုးဝင်လာလေသည်။ နေမိုးတွင်ရွေးချယ်ရန်မရှိပါ။ သူ၏အာရုံတွင် ချစ်သူလေး၏မျက်နှာနှင့် စကားသံများပေါ်လာလေသည်။ နေမိုးတစ်ယောက် ကားတံခါးဘောင်ကို ခပ်တင်းတင်းဆုပ်ကာ မျက်စိမှိတ်၍ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက် ကားထဲသို့ကိုယ်တစ်ပိုင်းဝင်၍ ကားဆရာအားခဏစောင့်ပေးပါရန်ပြောပြီး အဖိုးအိုနှင့်အဖွားအိုရှိရာသို့ လျှောက်ကာ
“အဖိုးတို့အတွက် Taxiရောက်ပါပြီခင်ဗျာ”ဟုဆိုလိုက်ရာ
အဖိုးအိုမှာ အံ့သြတစ်ကြီးမော့ကြည့်လေသည်။ အဖွားအိုမှာလည်း ရုတ်တရက်ကြောင်၍ ဝေခွဲမရသောအကြည့်ဖြင့်ကြည့်လေသည်။
ထို့နောက်အဖွားအိုမှာ သတိရလာလေဟန်ဖြင့် “ရပါတယ်ကွယ်၊ လူလေးလည်းသွားစရာရှိမှာပေါ့” ဟုဆိုရာ
နေမိုးက “ဟုတ်ကဲ့၊ ကျွန်တော်အချိန်ရပါသေးတယ်ခင်ဗျာ၊ အဖွားတို့ခရီးဆက်နှင့်ပါ၊ ကျွန်တော်နောက်မှစီးပါ့မယ်ခင်ဗျာ” ဟုဆိုကာ သူတို့တန်းစီနေသောနောက်တွင်ဝင်ရပ်လိုက်သည်။
အဖိုးအိုမှာလွန်စွာကျေးဇူးတင်သည့်ဟန်ဖြင့် “ကျေးဇူးပါလူလေးရယ်”၊ အဖွားအိုမှာလည်း “ကျေးဇူးတင်ပါတယ်ကလေးရယ်” ဟုအသီးသီး ဆိုကာ ကားဆီသို့ဖြေးဖြေးချင်းလျှောက်သွားလေသည်။
နေမိုးမှာ ပြုံး၍ကြည့်နေရင်း ပီတိသည် အရှိန်အဟုန်ကြီးမားလာသည်ဖြစ်ရကား ကြက်သီးများပင်ထသွားလေသည်။ ထို့နောက် နေမိုးရေရွတ်မိသည်ကား
"ကိုယ့်မှာအရမ်းမာတဲ့ အသဲတစ်စုံမပိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါချစ်သူ.........." ဟူ၍ဖြစ်လေသတည်း။
ကောင်းသောနေ့လေးဖြစ်ပါစေ။
8Yar
15th Sep 2011
Tuesday, 30 August 2011
သောကဒဏ်ရာ
“ညီလေးမျိုးသူ မျက်နှာကျက်တွေတက်စစ်လိုက်ပါကွာ။ အစ်ကိုတို့နှစ်ယောက် ဟိုဘက်မှာလိုက်စစ်လိုက်အုံးမယ်။”
“ဟုတ်ကဲ့အစ်ကို”
ဟုမျိုးသူကပြောကာ လှေကားကိုယူ၍မျက်နှာကျက်ပေါ်သို့ တက်ခဲ့လေသည်။
မျိုးသူမှာ တစ်ဝမ်းတစ်ခါးအတွက် နိုင်ငံရပ်ခြား၌ သူများတွေမလုပ်ချင်သည့် Pest Control ဆိုသောအလုပ်အား လုပ်ကိုင်နေရသူဖြစ်လေသည်။ အမှန်တော့ သူဒီအလုပ်တွင် မပျော်ပိုက်ပါ။ အကြောင်းကား ပါဏာတိပါတာကံကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေရသည်ကတစ်ကြောင်း၊ ပုရွက်ဆိတ်၊ ခြင်၊ယင်၊ ပိုးဟတ်နှင့်ကြွက်တို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ရသည်ကတစ်ကြောင်း စသည့်အကြောင်းကြောင်းတွေကြောင့်ပင်ဖြစ်သည်။ ဒီအလုပ်ကထွက်၍ တစ်ခြားသောအလုပ်လုပ်ရန်ကလည်း အခုခေတ်ကြီးတွင် မလွယ်ကူလှပေ။
ထို့ကြောင့် ဒီအလုပ်ကိုပဲ ကြိတ်မှိတ်လုပ်ကိုင်ခဲ့ရာ အခုဆိုရင် နှစ်နှစ်တင်းတင်းပင်ရှိခဲ့လေပြီ။ သို့သော် သူ့တွင်အပိုအလျှံဆို၍ ဘာမျှမရှိခဲ့ပါလေ။ တစ်လတစ်လရသောငွေများအား ခြိုးခြံခြွေတာ၍ ယူထားသောအကြွေးအားဆပ်ခြင်းဖြင့်သာ နေရလေသည်။
ထိုသို့ကိုယ့်အကြောင်းကိုစဉ်းစားမိလေ စိတ်ညစ်ရလေမို့ အလုပ်တွင်သာစိတ်နှစ် ၍လုပ်မည်ဟုစဉ်းစားရင်း မျက်နှာကျက်ပေါ်ရှိ ခိုင်မာသောတန်းများကို ရှာနင်းကာ ကြွက်ထောင်ချောက်များအား လိုက်လံစစ်ဆေးလိုက်သည်။ တစ်ခုသောကြွက်ထောင်ချောက်တွင် လှုပ်ရှားရိပ်လိုလို မြင်လိုက်သဖြင့် ခပ်သွက်သွက်လျှောက်သွားရာ…
ဒုတ်…..
ဝုန်း!!!
ဆိုသည့် အသံနှင့်အတူ မျိုးသူတစ်ယောက် ထောင်ထွက်နေသောတန်းအား တိုက်မိကာ အောက်သို့ဇောက်ထိုးကျသွားလေသည်။ မြေပြင်နှင့် ထိလုချိန်တွင် လက်ဖြင့်လှမ်းထောက်လာရာ ကျချက်ပြင်းလှသဖြင့် လက်မှာသွင်သွင်ကျိုး၍ အရှိန်ဖြင့်မြေကြီးပေါ်သို့ မေးစေ့ဖြင့်ထပ်ကျသွားလေရာ မျိုးသူခမျှာ မေးစေ့အား အောက်မှပင့်ရိုက်သကဲ့သို့ ပြင်းစွာသောဝေဒနာကို ခံစားလိုက်ရလေသည်။ သို့သော် သတိကားလွတ်မသွားသေးချေ။
ထိုအချိန်တွင် လူတစ်ယောက်ပြေးလာကာ
“ညီလေး၊ ညီလေး ဘာဖြစ်သွားသေးလဲ”
ဟုမေးကာ အခြေနေကိုကြည့်လေသည်။ မျိုးသူမှာ စကားပင်ပြန်မပြောနိုင်လောက်အောင် နာကျင်လှသဖြင့် ညီးတွား၍သာနေရလေသည်။ ထို့ကြောင့် ထိုလူကပင် လူနာတင်ယာဉ်ခေါ်ကာဆေးရုံသို့ ပို့ပေးခဲ့ရသည်။
နောက်တစ်နေ့နံနက်တွင် အထွေထွေဆေးရုံကြီး၏ တစ်ခုသောထောင့်ရှိ ကုတင်ပေါ်တွင် ချုပ်ရာတွေဗလပွ၊ ပတ်တီးတွေအဖွေးသားနှင့် မျိုးသူတစ်ယောက် ဝေဒနာကိုအံကြိတ်ခံရင်း လှဲ၍သာနေလေသည်။ အမှန်တော့ အံမကြိတ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မနေ့ကကျခဲ့သော အရှိန်ကြောင့် အပေါ်ရှေ့သွားလေးချောင်းနှင့် အောက်သွားတစ်ချောင်းမှာ ဆုံးရှုံးခဲ့ရလေသည်။ ကျန်သွားများမှာလည်း နေရာရွေ့သွားသဖြင့် ဆရာဝန်များက ကြိုးစား၍ စတီးကြိုးများဖြင့် ဖမ်းဆွဲကာ ထိန်းထားပေးသည် ဟုသိရသည်။ ညာဘက်လက်မှာလည်း သွင်သွင်ကျိုးသွားသည်ဖြစ်ရကား စတီးချောင်းထည့်မှရမည်ဟု ဆရာဝန်များကပြောကြားသွားလေသည်။
ထိုအချိန်တွင် မျိုးသူရင်ထဲ၌ ရွှေ၊ ငွေ၊ ဥစ္စာ နှင့် စီးပွား ဘာဆိုဘာမှမလိုချင်တော့ပါ။ သူအလိုချင်ဆုံးမှာ သူ့အမေတိုက်သော ရေတစ်ခွက်နှင့် သူ့အဖေ၏ အားပေးအပြုံးလေးကိုသာ လိုချင်နေမိသည်။ ရင်ထဲမှာလည်း
“အမေရေ..............”
“အဖေ သားကိုလာကြည့်ပေးပါအုံးဗျာ........”
ဟုသာ ကြေကွဲစွာအကြိမ်ကြိမ်အော်နေမိတော့သည်။ ဘယ်လောက်ပင်ရင်ထဲကအော်အော်၊ ဆန္ဒတွေဘယ်လောက်ပြင်းပြင်း၊ သူ၏မိဘများကတော့ သိနိုင်မည်မထင်ပါ။ ထို့ကြောင့် မိဝေးဖဝေးဖြင့် အားငယ်စွာ မျက်ရည်ကျနေရုံမှတစ်ပါး အခြားမရှိတော့ပေ။
မျိုးသူကဲ့သို့သောသူများ ဘယ်လောက်များတောင် ရှိခဲ့လေပြီဆိုတာကတော့ လောကကြီးမှတစ်ပါး မည်သူမှသိနိုင်မည်မထင်။
8Yar
30th Aug 2011
Subscribe to:
Posts (Atom)


