Monday 23 January 2012

Volunteers




မင်္ဂလာပါခင်ဗျာ

ကျွန်တော်ပြီးခဲ့တဲ့ ရုံးပိတ်ရက်စနေနေ့ကစပြီး ဒီနေ့အထိ လုပ်အားပေးသွားနေခဲ့တာပါ။ သူငယ်ချင်းတစ်ယောက်က တရားစခန်းအတွက် ဝေယျာဝေစ္စ လုပ်ချင်ရင် စာရင်းပေးလို့ရတယ်လို့ ပြောလာကြောင့် ကျွန်တော်လည်း စာရင်းပေးလိုက်ပါတယ်။

ပထမဦးစွာ တရားစခန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာချို့ကိုရှင်းပြပါရစေ။ လာရောက်တရားပေးတဲ့ ဆရာတော်ကတော့ မြစိမ်းတောင်ဆရာတော်ကြီးဖြစ်ပါတယ်။ တရားစခန်းက ၉ရက်ဖြစ်ပြီး နေရာက စိန့်ဂျွန်းကျွန်းမှာဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ ဒီမှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ယောဂီများမှာ ၂၀၀ကျော်ရှိမယ်လို့ ထင်ပါတယ်ခင်ဗျာ။ အကယ်၍ 8Yar ကဲ့သို့လုပ်အားကုသိုလ်ယူချင်သူများရှိခဲ့ရင် 8Yar ကိုဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ 8Yar ရဲ့ဖုန်းနံပါတ် 9191 9264 ကိုဖြစ်စေ၊ eightyar@gmail.com ကိုဖြစ်စေ ဆက်သွယ်ပေးကြပါခင်ဗျာ။အခု 25.01.2012 (WED) မှ 29.01.12 (SUN) အတွင်း
ဝေယျာဝေစ္စ ကုသိုလ်ယူနိုင်ကြပါပြီခင်ဗျာ။ Volunteer များအနေဖြင့် တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ၊ ကျန်ရက် အားလုံးကိုဖြစ်စေ ယူနိုင်ကြပါတယ်ခင်ဗျာ။ စိန့်ဂျွန်းကျွန်းမှာနေ၍ ကုသိုလ်ယူရမည်ဖြစ်သောကြောင့် Singpaore IC ၊ အိပ်ယာ၊ စောင်၊ ခေါင်းအုံးနှင့် တကိုယ်ရည် အသုံးအဆောင်များ တပါတည်းယူလာပါရန် မေတ္တာရပ်ခံအပ်တယ်ခင်ဗျာ။

အရေးကြီးဆုံးနဲ့ လူအင်အားအလိုအပ်ဆုံးနေ့ကတော့ နောက်ဆုံးစခန်းသိမ်းရက် 29ရက်နေ့ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံးတရက်တည်းကိုသာ ကုသိုလ်ယူချင်သူများက စနေနေ့ညနေသဘောင်္ဖြင့် ကြိုတင်သွားရောက်၍ ကုသိုလ်ယူပေးကြရမှာဖြစ်ပါတယ်။ Volunteer များအား စိန့်ဂျွန်းကျွန်းတွင် လာရောက်ကြိုဆိုမည့်သူရှိပေမဲ့ သဘောင်္အသွားအပြန် $15ကိုတော့ မိမိဘာသာဝယ်ယူကုသိုလ်ယူပေးကြပါခင်ဗျာ။ ကျွန်တော် 8Yar လည်း စနေနေ့သွားရောက်ကုသိုလ်ယူမှာဖြစ်ပါတယ်ခင်ဗျာ။

သဘောင်္ကို Marina South Pier မှာသွားပြီးစီးရမှာဖြစ်ပါတယ်ခင်ဗျာ။

How to get Marina South Pier by yourself
မြေပုံကို ကြည့်ရန် Click ပါ

1. By Taxi
Marina South Pier ဟုပြောလျှင်ရပါသည်။ နားမလည်သေးပါက Saint John Island သွားရန် ပြောပါ။ Marina Coastal Drive လမ်းပေါ်တွင်ရှိပါသည်။

2. By Car ECP Highway လမ်းမတွင် Marina South Exit မှ ထွက်ရပါသည်။ Marina Coastal Drive လမ်းပေါ်တွင်ရှိပါသည်။ အထက်ဖော်ပြပါ မြေပုံကိုကြည့်ပါ။

3. By MRT Marina Bay MRT Station (NS27) တွင်ဆင်းပြီး Exit B မှထွက်ပါ။ Bus Service 402 ကို MRT အပြင်ဘက် ကားမှတ်တိုင်တွင် စီးပြီး Marina South Pier တွင်ဆင်းပါ။ .
Bus Service 402 ၏ Schduled Service Frequency မှာ ၁၆ မိနစ်မှ ၃၉ မိနစ်အထိ ကြာတတ်ပြီး အချိန်အပေါ်မူတည် အပြောင်းအလဲရှိသည်။ အသေးစိတ်ကို ဒီမှာဖတ်ပါ။
ထို Marina Bay MRT မှ Taxi ငှားလျှင်လည်း Taxi အလွယ်တကူ ရမည်မဟုတ်ပါ။ အနီးဆုံးဖြစ်သော Raffle Place (သို့ မဟုတ်) Tanjong Pagar MRT မှ ငှားလျှင် ပိုမိုလွယ်ကူပါလိမ့်မည်။

4. By Bus SBS Transit Bus 402
Loop service running from Shenton Way Terminal to Marina South Pier
Bus Service 402 ၏ Schduled Service Frequency မှာ ၁၆ မိနစ်မှ ၃၉ မိနစ်အထိ ကြာတတ်ပြီး အချိန်အပေါ်မူတည်ပြီး အပြောင်းအလဲရှိသည်။
အသေးစိတ်ကို ဒီမှာဖတ်ပါ။

(၁) Site Map (တရားစခန်းအတွက် နေရာချထားမှု အစီအစဉ်ကြည့်ရန် Click ပါ)
(၂) Map of St. John's Island (စိန့် ဂျွန်းကျွန်းမြေပုံကြည့်ရန် Click ပါ)

အထက်ပါ Link များမှာ http://myaseintaung.net/tayarsakhan/#yawgi မှယူထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဒီ Postလေးကို Forwardလုပ်ပေးခြင်းဖြင့် ကုသိုလ်ယူပေးကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါတယ်ခင်ဗျာ။

အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

8Yar
24th Jan 2012

Saturday 14 January 2012

တစ်နေ့တာ (Tag)



မင်္ဂလာပါခင်ဗျာ။ ဒီ Post လေးကကျွန်တော် တရင်းတနှီး သမံစီးလို့ခေါ်ရတဲ့ သမီးစံက အိမ်နီးနားချင်းတွေကို တက်စာလိုက်ကျွေးနေလို့ စားလိုက်ခြင်းပါ။ သတိတရ Tag ပေးတဲ့အတွက် ကျေးဇူးပါ သမီးစံရေ။ ဟုတ်ကဲ့ 8Yarရဲ့ တစ်နေ့တာအင်တာဗျူးလေးကိုစပါရစေ။

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ဖုံးကနှိုးစက်ကိုထပိတ်တယ်။ ပြီးတော့ 15 မိနစ်လောက်ပြန်အိပ်ပါတယ်။ တခါတလေ ခြေလွန်၊ လက်လွန်ဖြစ်သွားရင် မိနစ် 20 လောက်အထိဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလိုနေ့မျိုးဆိုရင် ရုံးကားပေါ်ကသူတွေကို တောင်းပန်ရပါတယ်။ ဒါပေမယ့် တစ်ပါတ်မှာ 4ရက်လောက်ပဲတောင်းပန်ရတာပါ။


မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
တရုပ်စာ၊ ဂျပန်စာ၊ ကိုရီးယားစာ၊ အင်္ဂလိပ်စာ တစ်ခုမှ မကြိုက်ပါဘူး။ အဲ့ဒါကြောင့် အမှတ်စာရင်းထွက်လာတော့ တစ်ခုမှအမှတ်မကောင်းဘူး။ :P.......... လို့..... ဆိုရင် စာလာဖတ်သူတွေကို ထပ် တောင်းပန်နေရမှာ စိုးလို့ ကောင်းကောင်းပဲ ဖြေတော့မယ်နော်။ မနက်စာကို မုန့်ပျစ်သလက်၊ နန်းကြီးသုပ်၊ ကောက်ညှင်းပေါင်းနဲ့ ဘယာကြော်၊ ထမင်းဆီဆမ်းနဲ့ ရွှေလင်ပန်း အဲလေ... ထမင်းဆီဆမ်းနဲ့ ပဲပြုပ်၊ ဆန်ပြုပ်နဲ့ အီကြာကွေး စတာတွေကို ကြိုက်ပါတယ်ခင်ဗျာ။ ဆီကြော်တွေတော့ သိပ်မကြိုက်လှပါ။

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
လောလောဆယ်စားဖြစ်တာတွေက မိုင်လိုနဲ့ ဘီစကစ်၊ မိုင်လိုနဲ့ အီကြာကွေးကို လိုက်သော်လည်းစား၊ မကြိုက်သော်လည်းစားနေပါသည်။

နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
နေ့လည်စာကို လေယာဉ်ပေါ်မှာ စားရတာမကြိုက်ဘူး၊ သင်္ဘောပေါ်မှာ စားရတာလည်းမကြိုက်ဘူး၊ ရထားစီးရင်း စားရတာမကြိုက်ဘူး၊ ကားစီးရင်း စားရတာလည်းမကြိုက်ဘူး၊........ လို့.... မကြိုက်တာတွေလျှောက်ဖြေနေရင် မေးခွန်းနားမလည်တဲ့သူ ဆိုပြီးစာမေးပွဲချလိမ့်မယ် ထင်တယ်နော်။ အဲ့ဒီတော့ အဖြေမှန်ကိုဖြေပါ့မယ်။ တစ်ယောက်ထဲ၊ ဒါမှမဟုတ် နှစ်ယောက်ထဲဆိုရင် စားပွဲ၊ ကုလားထိုင် ရှိတဲ့နေရာမှာစားရတာ ကြိုက်ပါတယ်။ ဒါပေမယ့် အိမ်သာဘေးက စားပွဲ၊ ကုလားထိုင်မှာတော့ မစားတတ်ပါ။ သူငယ်ချင်းတွေအများကြီးနဲ့ဆိုရင် ဘယ်မှာပဲစားရ စားရ ကြိုက်ပါတယ်။ (မှတ်ချက်။ ။အိမ်သာထဲတော့ဝင်မစားနိုင်ပါ။)

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ဟင့်... ချက်ကျွေးမှာကျနေတာပဲ။ :P ဟီး ဟီး.. နောက်တာ အဲလိုမေးတော့ မဖြေတတ်တော့ဘူး။ အမှန်တော့ ကျွန်တော် 8Yarက အစား၊ အသောက်ကို အဲ့ဒီလောက် မက်မက်မောမောမရှိလှပါဘူး။ တစ်ခါတစ်ခါစားမှ နှစ်ပန်းကန်၊ သုံးပန်းကန်လောက်ပဲ အစာပြေ၊ အကြမ်းပဲစားတတ်တာ။ ဟိဟိ.. ဒါပေမယ့် အမေးရှိတော့ အဖြေရှိရမှာပေါ့နော်။ အလှူပဲဟင်းနဲ့ မြန်မာကြက်ကြော် မနောက်ဘူး၊ အတည်ပြောတာ။

အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
ကော်ဖီ??? ဟင့်အင်း.. မသောက်ဘူး။ မကြိုက်လို့တော့မဟုတ်ပါဘူး။ နှလုံးတုန်၊ ရင်ခုန် ဖြစ်တတ်လို့။ ကော်ဖီမှမဟုတ်ဘူး လက်ဖက်ရည်လည်း ဒီအတိုင်းပဲ။ သောက်ပြီးရင် ညပါအိပ်မရတတ်လို့ မသောက်ပါဘူးခင်ဗျာ။

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အရင်ကအပြင်မှာ၊ အခုအိမ်မှာ စားပါတယ်။ အရင်အိမ်ရှင်က စလုံးမို့ အချက်၊ အပြုပ် ခွင့်မပြုပါဘူး။ အခု အိမ်ရှင်က ရွှေမြန်မာမို့ ချက်လို့ရလို့ပါ။

ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
စဉ်းစားခွင့်မရပါဘူး။ အကြောင်းက 8Yar ညီမနဲ့ 8Yar ကောင်မလေးက ဘေးကနေ စက်သေနက်ပစ်သလို စကားတွေပြောနေလို့ပါ။ ဟီး.... သွားပြောရဘူးနော်။ သွားပြောတဲ့သူ ရန်သူ ဒါဗြဲ။ :D

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
စိတ်ညစ်တယ် အမြဲနောက်ကျမှပြန်ရလို့။ရုံးဆင်းချိန်က 5:30 pm တကယ်ပြန်ရတာက 6:00 နာရီ ကျော်၊ တစ်ခါတလေများဆိုရင် 7:30 ထိလုပ်ရတတ်တယ်။ မနက်ဆိုရင်လဲ ရုံးတက်ချိန်ထက် နာရီဝက်လောက်စောပြီးတက်ရတယ်။ Over Time လဲမရဘူး။ :(

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
အိမ်ရှင်တွေ့ရင် အိမ်ရှင်ကိုနှုတ်ဆက်တယ်။ အိမ်သားတွေကိုတွေ့ရင် တစ်ခုခုလှမ်းပြောဖြစ်တယ်။ အများဆုံးပြောဖြစ်တာက ဟင်းတွေနွှေးပြီးပြီလား??

ဒုတိယလုပ်မိတာလေး..
ရုံးလွယ်အိပ်ချပြီး အိမ်နေရင်း အဝတ်စားလဲပါတယ်။ ဧည့်သည်ပါလာရင်တော့ အဲ့ဒါတွေမလုပ်ပါဘူး။ တခါတလေ သူငယ်ချင်းတွေပါလာရင် အပြင်ပြန်ထွက်တတ်လို့ပါ။

ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
ဟင့်အင်း မနက်သောက်ရင်တောင် ညအိပ်မပျော်တာ ညသွားသောက်လို့ကတော့ Candy ကိုအဖော်လုပ်သလို ဖြစ်သွားမှာပေါ့။ :P ဟတ်ဟတ်

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
စောင်တစ်ခြမ်းကို ခြေထောက်အောက်မှာ သေသေခြာခြာဖြန့်ခင်းတယ်။ နောက်တစ်ခြမ်းကို ခြုံတယ်။ 8Yar ကခြေထောက်အောက်မှာစောင်မရှိရင် အိပ်မပျော်တတ်လို့ပါ။ ဘယ်ကရတဲ့ အကျင့်ဆိုးလဲမသိပါ။ :P

အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
Blog ထဖတ်တယ်၊ Blog ရေးတယ်။ ဒါပေမယ့် အိပ်မပျော်တာရှားပါတယ်။ ငယ်ငယ်ကတော့ အိမ်အပြင် ဝရံတာကိုထွက်ပြီး လေညင်းခံရင်း ငြိမ်သက်နေတဲ့ အရာတွေကို စိတ်အေးလက်အေးလိုက်ကြည့်တတ်တယ်။ အခုကြီးလာတော့ မလုပ်ရဲတော့ဘူး။ သရဲနဲ့ရဲ ကိုကြောက်လို့။

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
တစ်နေရာရာမှာ သွားထိုင်ပြီး လျှောက်စဉ်းစားပါတယ်။ ဘာတွေလဲတော့ မသိဘူး။ ရှုပ်ရှပ်ခပ်နေအောင် စဉ်းစားပါတယ်။ အဆင်ပြေလားဆိုတော့ မပြေပါဘူး။ ပြီးရင် သူငယ်ချင်းတွေဆီလျှောက်သွားပါတယ်။ နောက်ဆုံး တော့ ဇွတ်အတင်းမေးတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကို ပြောပြလိုက်ပြီးမှ ရင်ထဲပေါ့ပြီး အစဉ်ပြေသွားတတ်သူပါ။

အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
ဖုံး၊ သော့၊ ပိုက်ဆံအိတ်၊ နာရီနဲ့ ခါးပတ်။ အဲ့ဒါတွေကမေ့ကျန်တတ်လို့ အပြင်သွားတိုင်းရွတ်တတ်ပါတယ်။ ပိတ်ရက်တွေဆိုရင် ကင်မရာပါယူတတ်ပါသေးတယ်။

မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
8Yar တို့မိသားဆုက များများစားစားမရှိပါ။ ပြေးကြည့်မှ သားအမိ၊ သားအဖ 7 ယောက်ပဲရှိတာ :P ဆိုတော့ အားလုံးကိုချစ်ပါတယ်။ ဘယ်လောက်တောင်ချစ်သလဲဆိုတော့ အဆိုးဆုံးညီမကိုတောင် ချစ်ရတာဆိုတော့၊ အလိမ္မာဆုံး ညီမကိုဆို မပြောနဲ့တော့ပေါ့။

သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ချစ်သော လဲ့ရီလေးပါ။

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
အမှန်တိုင်းပြောမယ်။ စိတ်မဆိုးနဲ့ တစ်ယောက်မှ မရှိဘူး။

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
လောလောဆယ် Nikon D7000 ကင်မရာ ဟီး.....

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
8Yar ကောင်မလေးရဲ့ လက်ဖြစ် ဝက်ဝံရုပ်လေး။

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ပြောပြန်ရင်လည်း အစ်မ Jas တို့နဲ့ တစ်ဂိုဏ်းထဲဖြစ်အုံးမယ်။ မပြောပြန်ရင်လည်း လျှိုတယ်ထင်အုံးမယ်။ မေးတဲ့ မေးခွန်းကိုက မဖြေတတ်ရင် ဒုက္ခရောက်ပြီသာမှတ်။ ခစ်ခစ်... :P နောက်တာ
ပတ်သက်ဖူးတဲ့သူတွေ ဆိုတော့ မိသားစုဝင်တွေကို မေးတာမဟုတ်ဘူးလို့ထင်ပါတယ်။ အပြင်လူတွေထဲမှာတော့ 8Yar ရဲ့ချစ်ရသူလေးပေါ့။

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ကျောင်းတက်ချင်ပါတယ်။ MBA လိုဟာမျိုးကိုတက်ချင်တာပါ။ ဒါပေမယ့် မတက်နိုင်သေးပါဘူး။ ဈေးအပေါဆုံးကျောင်းရဲ့ ကျောင်းလခက S$ 20,000 ပါတ်ဝန်းကျင်လောက်ရှိနေလို့ပါ။

ဒီလောက်ဆိုရင် သမံစီးနဲ့အတူ Blog မောင်နှမတွေလည်း 8Yar ရဲ့ အကျင့်ဆိုးတွေကိုသိလောက်ရောပေါ့နော်။ Tag တော့မလုပ်တော့ပါဘူး။ မအားတဲ့ အစ်ကို၊ အစ်မတွေကျွန်တော့ အတွက်နဲ့ အလုပ်ရှုပ်ကုန်ကြမှာဆိုးလို့ပါ။

အားလုံး ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲရှိကြပါစေခင်ဗျာ။

8Yar

14th Jan 2012

Sunday 8 January 2012

Batam ခရီးစဉ်

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ 8Yar တစ်ယောက် မျောက်အုန်းသီးရသလို Nikon D7000 လေးဝယ်လိုက်ပြီးကတည်းက ငြိမ်ချက်သားကောင်းနေတာ အခုဆိုရင် အမျက်တော်တွေတောင် အတော်ရှလောက်ပြီထင်ပါ့။ :P ဟီး ..... ပြေးကြည့်မှ ဒီညီလေး၊ မောင်လေးတစ်ယောက်ပဲရှိတာ ခွင့်လွှတ်ပေးကြပါနော်။ ထပ်ပြီးအဆူမခံရအောင် Batam ခရီးစဉ်လေးကို အမြန်ရေးပြီး တင်လိုက်ရကြောင်းပါခင်ဗျာ။

အမှန်တော့ ဒီခရီးစဉ်က မယ်မယ် ရရ၊ ဂဃ နဏ၊ သေသေ ချာချာ၊ ထူးထူး ခြားခြား မရှိလှတဲ့ သာမန်ခရီးစဉ်လေးတစ်ခုပါ။ အဲ့ဒါကြောင့် အကြောင်းအရာထက် ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကိုပဲ အသားပေး တင်ပါရစေခင်ဗျာ။

မသွားခင် ညက တစ်ယောက် အိပ်လို့မပျော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရင်ခုန်နေလို့။ ရင်ခုန်တယ် ဆိုတာကရည်းစားအသစ်ရလို့ မဟုတ်ဘူး၊ ကင်မရာအသစ်ရလို့။ မနက်ဖြန်ဆိုရင်ဖြင့် တစ်ယောက် မသုံးတက်သေးတဲ့ ကင်မရာနဲ့ လက်သရမ်းခွင့်ရတော့မှာမို့ အပျော်ကြီးပျော်ပြီး အိပ်မရဖြစ်နေရပါတယ်။

မနက်ရောက်တော့ ခရီးသွားရမယ်ဆိုတဲ့ အငွေ့အသက် တစ်ခုရပါတယ်။ အဲ့ဒီ အငွေ့အသက်က မနက်စောစော ခရီးထွက်ရင်ရတတ်တဲ့ အငွေ့အသက်တစ်မျိုးပါ။ ပြောတော့မပြတတ်ဘူး။ ဒါပေမယ့် သဘောကျတယ်။

ဒါက 8Yarတို့စီးလာတဲ့ သဘောင်္ပါ။ Batam ရောက်မှပဲပုံထွက်ကောင်းတော့တယ်။ စင်ကာပူကထွက်လာတုန်းက လမ်းတလျှောက်လုံးရိုက်လာတဲ့ပုံတွေက တစ်ခုမှမကောင်းဘူး။ ဝါးတားတား၊ ရီတီတီ၊ မှုန်မှုန်တုန်တုန်နဲ့ လှိုင်းမူးရတဲ့အထဲ ရိုက်ထားတဲ့ပုံတွေပြန်ကြည့်လိုက်တော့ ပိုမူးသွားတယ်။ အဲဒီလို လက်ရာကကောင်းတာ။ ခစ်ခစ်.....။ ပုံကောင်းထွက်လာတာကလဲ သူငယ်ချင်း ကျော်ကြီးတစ်ယောက် တစ်လမ်းလုံး ဖုန်းထဲက User Manual ဖတ်ပြီး ကူညီခဲ့လို့ ရရတာပါ။ ကျေးဇူးပါ ဆရာကျော်ရေ။

ဟော့ဒါက တို့စီးရမဲ့ကား။ အမြင်စုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပဝါလို့ ပြောရမလားပဲ။ လမ်းတစ်လျှောက်လုံး ကားနဲ့ပတ်သက်လို့ စိတ်မညစ်ခဲ့ရဘူး။

ပထမဆုံးပို့ပေးတာက တရုတ်ဘုရားကျောင်း။ အရမ်းကြီးသလို၊ အရမ်းလည်းသပ္ပါယ်ဖို့ကောင်းပါတယ်။

ဒါကနံမည်ကြီး တရုတ်သူရဲကောင်းသုံးယောက်ရဲ့ ရုပ်ထု၊ သူတို့ကိုနတ်အဖြစ် ကိုးကွယ်ကြပါတယ်။ တရုတ်သမိုင်းကျေတဲ့သူဆိုရင် သူတို့ကိုကောင်းကောင်းသိမှာပါ။ မြန်မာပြည်သားတွေကတော့ အလယ်ကတစ်ယောက်ကို ကွမ်းကုန်းလို့သိကြပါတယ်။ ဟီး.... ပြောရင်း၊ ပြောရင်း နတ်သမိုင်းရောက်တော့မယ်။

ဘုရားကျောင်းက ဦးတီပွါး။

သူက ဘုရားကျောင်းအရှေ့မှာရှိတဲ့ အမွှေးတိုင်အိုးပါ။ အတော်ကြီးပါတယ်။ အဲဒီနောက်တော့ နာမည်ကြီးမုန့်ရောင်းတဲ့ဆိုင်တွေ၊ ပိုလိုတံဆိပ် အဝတ်စား Outlet ဆိုင်တွေကို တောက်လျှောက် လိုက်ပို့ပါတော့တယ်။ ကားပေါ်မှာပါတဲ့ Tour Guide က Poloရဲ့ အရည်အသွေးကိုသေသေချာချာ ရှင်းပြရှာပါတယ်။ Poloအင်္ကျီတစ်ထည်က မျိုးဆက် သုံးဆက်ထိ ဝတ်လို့ရတယ်ဆိုပဲ။ ပထမလူဝတ်လိုက် ပြီးရင်ရေလျှော်လိုက်၊ လျှော်ပြီးရင်တော့ အဲ့လူဝတ်လို့မရတော့ဘူး။ အင်္ကျီကသေးသွားလို့။ အဲ့ဒါဆိုရင် သားကိုပေးဝတ်လိုက်တဲ့။ အဲ့ဒီသားဝတ်ပြီးရင် ထပ်လျှော်လိုက်အုံး၊ ပြီးရင်တော့ မြေးကိုပဲပေးဝတ်လို့ရတော့မယ်တဲ့။ ကောင်းရော။ သူပြောတာအမှန်ဆိုတာ ဆိုင်တွေရောက်တော့ သိလိုက်ရပါတယ်။ အရည်အသွေးက တကယ်ချာပါတယ်။

သူတို့နှစ်ယောက်က နတ်ဆိုင်းလိုမျိုးတီးနေကြတာပါ။

သူကတို့ ဆိုင်းသံနဲ့အပြိုင် အုန်းသီးကိုပါးစပ်နဲ့ ကိုက်ပြီးခွါပြနေတာပါ။

ပြီးတော့မီးခဲတွေကိုလည်းစားပြပါသေးတယ်။ ဘာလည်းတော့ အသေအချာမသိ၊ ဓာတ်ပုံတော့ရိုက်ခဲ့၏။ :P

ဒါလေးက ဒေသထွက် အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ။

ဒီဆိုင်မှာနေ့လည်စာစားရပါတယ်။ ပင်လယ်စာမို့ 8Yarအကြိုက်ပေါ့။

ဒါကိုဘာခေါ်လည်းမသိပါ။ အမြင့်ကြီးတတ်ပြီး စက်သီးနဲ့စီးရတဲ့ ကစားနည်းပါ။ ကားပေါ်မှာပါတဲ့ အာဂယောက်ျားတွေက တစ်ယောက်မှမစီးပါဘူး။ အားနွဲ့သူ အမျိုးသမီးများကတို့ သူ့ထက်ငါအပြိုင်ကိုစီးကြပါတယ်။ 8Yarတို့ကတော့ Universal Studios သွားပြီးကတည်းက အမြင့်ကြောက်သွားတာ။ ညကုတင်ပေါ်တက်ပြီးရင်တောင် မျက်စိကိုအတင်းမှိတ်၊ ဘုရားစာရွတ်ပြီး အိပ်ရတယ်။ အောက်ကိုငုံ့မကြည့်ရဲလို့။ :P

ဒီပန်းခြံထဲမှာ ရိုးရာအိမ်သေးသေးလေးတွေရှိပါတယ်။ ဒီလို အိမ်မျိုးတွေ ဆယ်နဲ့ချီပြီးရှိပါတယ်။

ဟိုတယ်မသွားခင် နောက်ဆုံးပို့တာက ဒီဘုရားကျောင်းလေးပါ။

ရောက်ပါပြီဗျာ Crown Vista Hotel ကို။

ဟိုတယ်က တောင်ကုန်းလေးပေါမှာရှိတော့ ဒီလိုပုံလေးရိုက်ခွင့်ရတာပေါ့။

ဟိုတယ် ဝင်ဝင်ချင်းတွေ့ရတဲ့ ဦးတီပွါး။

ဒါလေးက ဟိုတယ်လှေခါးမှာထားထားတဲ့ ကျောက်ပန်းပုကြီးပါ အတော်လက်ရာမြောက်ပါတယ်။

ဒါလေးက နံနက်စာဘူဖေးကျွေးတဲ့နေရာပါ။ စားနေတုန်းက သတိမရဘူး။ :P ဟီး.... နံနက်စာစားပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်မြို့ထဲကိုထပ်သွားလည်ကြပါတယ်။ နေ့လည် 12:30 လောက်မှာတော့ သင်္ဘောဆိပ်ကိုလိုက်ပို့မဲ့ကားရောက်လာပါတယ်။

ဒါလေးက အပြန်စီးရမဲ့ သင်္ဘောပါ။ နှုတ်ဆက်ခဲ့ပါတယ် Batam ရေ။

ဪကျွန်တော့လို Promotion တွေရှာပြီး ခရီးသွားချင်သူများအတွက် အောက်မှာလင့်ပေးထားပါတယ်ခင်ဗျာ။

http://deal.com.sg/deals/singapore

http://www.streetdeal.sg/

တစ်ခုမှတ်ထားပေးရမှာက အဲဒီဆိုက်တွေက ခရီးသွား Package တွေဝယ်ပြီး ခရီးစဉ်တိုင်းအတွက် Tax ဆောင်ရပါတယ်။ ဘာTax လဲတော့ ကျွန်တော်လည်းမသိပါ။ Tax ဖိုးက 30S$ပတ်ဝန်းကျင် လောက်ပဲပေးရတာပါ။ အဲဒီလောက်ဆို ကိုယ်သုံးမဲ့ budget ကိုချိန်ပြီးဝယ်လို့ရပြီလို့ထင်ပါတယ်ခင်ဗျာ။

အားလုံး နှစ်သစ်မှာပျော်ရွှင်၊ ချမ်းမြေ့ကြပါစေ။

8Yar

8th Jan 2012