Friday 23 December 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)


မင်္ဂလာပါခင်ဗျာ။ ကျွန်တော့ကို သူငယ်ချင်း Candy က ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag) Post လေး Tag ထားလို့တင်ပါရစေ။ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် ဆိုတာလေးမပြောပြခင် ဒီဇင်ဘာနဲ့ပါတ်သက်တဲ့ အမှတ်တရလေးတွေကို အရင်ပြောပါရစေ။

ငယ်ငယ်ကဒီဇင်ဘာဆို အနွေးထည်ကိုဝတ်၊ အိမ်အပြင်ကမှုန်ဝါးဝါးမြင်ကွင်းကို ကြည့်တတ်တဲ့ကျွန်တော်။ ဆောင်းရာသီမှာ ပါးစပ်ထဲက လေကိုမှုတ် ထွက်သွားတဲ့ အခိုးအငွေ့တွေကို နှစ်သက်တတ်သောကျွန်တော်။ ချမ်းအေးတဲ့နံနက်ခင်းတွေမှာ ရေနွေးကြမ်းပူပူကို မှုတ်မှုတ်သောက်တတ်သောကျွန်တော်။ ညခင်းတွေမှာ မီးဖိုထားတဲ့ သပြေမြစ်(ထန်းပင်မြစ်)ဖုတ်ဆိုင်တွေကို စိုက်ကြည့်တတ်သောကျွန်တော်။ အရွယ်ရောက်လာတာနဲ့အမျှ ဒီဇင်ဘာရှိတဲ့ဆောင်းရာသီကို ချစ်တတ်လာခဲ့ရပါတယ်။

နည်းနည်းအရွယ်ရောက်လာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရှေ့က Church ကျောင်းမှာသီချင်းလိုက်တိုက်၊ ကျွေးတာစားပြီး တကယ်တမ်းအိမ်တွေလိုက်ဆိုတော့ မလိုက်ခဲ့တဲ့သူပေါ့။ X’masနေ့တွေမှာ အထွေအထူးလက်ဆောင်တွေမရခဲ့ဖူးပေမဲ့ X’mas လက်ဆောင်လေးတွေကို သဘောကျခဲ့သူပါ။


ဒီ့ထက်ကြီးပြင်းလာတော့ ဒီဇင်ဘာမှာ ခရီးတွေသွားတတ်လာပါတယ်။ ပထမဆုံးထွက်ဖြစ်တဲ့ခရီးစဉ်က ကျောင်းကဆရာမစီစဉ်ပေးတဲ့ ပုပ္ပါးတောင်ကလပ်ခရီးစဉ်ဖြစ်ပါတယ်။ အလွန်ပျော်စရာကောင်းသလို ကိုယ်မသိဘူးတာတွေပါ တအံ့တသြနဲ့သိခဲ့ရပါတယ်။ အဲဒါတွေကတော့ ပုပ္ပါးတောင်မှာနတ်တွေရှိတယ်ဆိုတာရယ်၊ အဲ့ဒီနေရာတွေကိုသွားရင် ၀က်သား၊ ကြက်ဥစတာတွေကို ယူမသွားကောင်းဘူးလို့ ဆိုတာတွေပါ။ အဲဒါကြောင့် ကားထွက်ပြီးမကြာခင်မှာပဲ ကားပေါ်မှာရှိသမျှထမင်းဘူးများကိုဖွင့်ကာ ကျွန်တော့သူငယ်ချင်း၊ ကျောင်းသားများက အနစ်နာခံစားသုံးကြပါတယ်။ :P ထမင်းဘူးများကို ကားအမိုးပေါ်မှာတင်ထားပြီး ကျွန်တော်နဲ့ကျောင်းသားအများစုဟာ ကားအမိုးပေါ်ကနေလိုက်ပါတယ်။ အဲဒါကြောင့် အောက်မှာရှိတဲ့ ထမင်းဘူးပိုင်ရှင်တွေဟာ အပေါ်ကကျောင်းသားတွေလုပ်သမျှ ဘာဆိုဘာမှ မသိလိုက်ကြပါ။
ကျွန်တော့ထမင်းဘူးထဲမှာလည်း ၀က်သားပါသဖြင့် ကျွန်တော့သူငယ်ချင်းများ၏ အားပေးခြင်းကိုခံလိုက်ရပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို တော်တော်ဆိုးပါတယ်။ ကြက်ပေါင်ကြီးမြင်နေလျက်နဲ့ ဒါဝက်သားကွဆိုပြီးစားပစ်လိုက်တာ တားချိန်တောင်မရလိုက်ပါဘူး။ ကျွန်တော့မှာ ပျော်လည်းပျော်၊ စိတ်လည်းပျက်နဲ့ အဲဒီခရီးကိုဆက်ခဲ့ရပါတယ်။ နောက်အမှတ်ရစရာတစ်ခုက အဲဒီခရီးစဉ်မှာပဲ ကျွန်တော့အမေ၀ယ်ဆင်ပေးလိုက်တဲ့ ဦးထုပ်လေးဟာ လေနဲ့အတူလွင့်ပြီးကျကျန်ခဲ့ရပါတယ်။ အမေဆူခံရတော့မယ်လို့ ထင်ပေမဲ့ အိမ်ပြန်ရောက်တော့ ဝမ်းနည်းနေတဲ့ကျွန်တော့ကို အမေမဆူခဲ့ပါ။ ကျေးဇူးပါမေမေ။


အဲ့ဒီကတစ်ဆင့်တက်လာတော့ X’mas နေ့ရောက်တိုင်း ပုပ္ပါးတောင်မကြီးကိုတက်ခဲ့ပါတယ်။ တောင်မကြီးကိုတက်ရတာ တောင်ကလပ်ကိုတက်ရတာထက် အများကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ တောင်တက်လမ်းဟာ ကားလမ်းမဟုတ်ဘဲ လူသွားလမ်းသာရှိတဲ့အတွက် တောင်တက်ချိန်မှာ အရမ်းပင်ပန်းရပါတယ်။ အချို့ဆိုရင် လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားသူတွေရှိသလို၊ တောင်တက်လမ်းမှားပြီး သစ်ခုတ်သမားတွေ ဖောက်ထားတဲ့လမ်းတွေရောက်ကာ မျက်စိလည်ခဲ့ရသူတွေလည်းမနည်းပါ။ ဒေသခံတွေဟာ နှုတ်သရမ်းရင် လမ်းမှားတတ်တယ်လို့ အယုံအကြည်ရှိကြပါတယ်။ တောင်မကြီးကိုအတက်၊ အဆင်းလုပ်ချိန် လေးနာရီမှငါးနာရီအထိ ကြာတတ်ပါတယ်။ အပေါ်ရောက်ခါနီးနေ ပိုမောလေမို့၊ အမျိုးသမီးတွေပါတဲ့အဖွဲ့ဆိုရင် ခဏခဏနားရ ရတာနဲ့ကို အချိန်ပိုကုန်တတ်ပါတယ်။ ထိပ်ပိုင်းရောက်လာလေ ပိုမတ်လာလေဖြစ်သလို၊ လေတိုက်နှုန်းကလည်းပြင်းလာပါတယ်။ နောက်ဆုံးတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ တောင်ထိပ်ပေါ်ရောက်သွားရင် အလွန်ပဲပျော်ရွှင်ဖို့ကောင်းပါတယ်။ အောင်မြင်မှုရဲ့အရသာ၊ အေးမြတဲ့လေထု၊ တိမ်ထုနဲ့အတူ အသံကုန်ဟစ်နေကြသူတွေလည်း မနည်းပါ။ ကျွန်တော်တက်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် တောင်ပေါ်မှာ စေတီလေးတစ်ဆူနဲ့ မြန်မာ့ရုပ်မြင်သံကြားစက်ရုံလေးသာ ရှိပါသေးတယ်။ အခြားဘာဆိုဘာမှမရှိပါ။ အခုတော့ တောင်ပေါ်မှာဘာတွေရှိနေတယ်၊ ဘာတွေမရှိတော့ဘူးဆိုတာ မသိပါ။


ဆယ်တန်းအောင်ပြီးတော့ X’mas ဆိုရင် မန္တလေးကနေ ပြင်ဦးလွင်ကို ဆိုင်ကယ်တွေနဲ့ တက်တတ်သလို၊ စစ်ကိုင်းတောင်ကိုလည်း အလျင်းသင့်သလိုသွားတတ်ပါတယ်။ တက္ကသိုလ်ပြီးနောက် အဖော်ကောင်းရင် ကျိုက်ထီးရိုးတောင်ကိုပဲ တက်ပါတော့တယ်။



ခုစင်ကာပူရောက်လာတော့ ဘယ်တောင်မှမတက်ဖြစ်တော့ပဲ Orchard မှာပဲဓာတ်ပုံရိုက်ပါတော့တယ်။ :P ဒီနှစ်မှာဖြစ်ချင်တော့ အရင်နှစ်တွေက ဓာတ်ပုံအတူတူရိုက်ခဲ့တဲ့သူငယ်ချင်းဟာ စ’လုံးကိုစိတ်နာစွာနဲ့ ပြည်တော်ပြန်သွားခဲ့ပါတယ်။

အဲဒီလို 8Yarတစ်ယောက် X’mas ကိုပျင်းခြောက်ခြောက်ဖြတ်သန်းရတော့မဲ့ အခြေနေမှာ ဂျပန်က 8Yarကောင်မလေးဟာ စင်ကာပူမှာ အလုပ်ရသွားခဲ့သဖြင့် 8Yar တစ်ယောက်ရူးမတက် အပျော်ကြီးပျော်ခဲ့ရပါသေးတယ်။ ဒါအပြင် 8Yar ရဲ့ချစ်ညီမအငယ်ဆုံးလေးကလည်း မကြာခင်ကပဲ Singapore မှာအလုပ်ထပ်ရသွားတဲ့အတွက် 8Yar ရဲ့ဘဝလေးဟာ အခုဆိုရင် စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းနဲ့ စိုပြေစပြုလာပါပြီ။

ဒီနှစ်တော့8Yar တစ်ယောက် အမြဲခရီးသွားတတ်တဲ့ သူငယ်ချင်း ဇနီးမောင်နှံကို ဇွတ်အတင်း အကူညီတောင်း၊ အင်ဒိုနီးရှား ဘတ်တန်ခရီးစဉ်ကို စီစဉ်စေခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီဇင်ဘာ 25 ရက်နေ့မှာ 8Yar တို့ပျော်ရွှင်စွာ ခရီးထွက်ပါမည်ဖြစ်ကြောင်း တင်ပြရင်း ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag) Post လေးကိုနိဂုံးချုပ်ပါရစေခင်ဗျာ။

ဖတ်ပြီးသွားရင်တော့ ထုံးစံအတိုင်း Tag Post တင်ဖို့သာပြင်ထားပေရော့ ဘယ်သူတွေလည်းဆိုတော့.....

အစ်ကိုပီတာ, အစ်မမြသွေးနီ, အစ်မ Nine Nine SaNay, အစ်မဝါဝါခိုင်မင်း, မဒမ်ကိုး, သမီးစံ, အစ်ကိုမောင်မျိုး, အစ်မဝါခေါင်မိုး, အစ်မမိုးခါး(* . * . ထာဝရကြယ်စင် . * . * .), အစ်ကိုဒုတိယလူ, အစ်ကိုမြစ်ဆုံ, မောင် (စွယ်စုံကျမ်း) , KO MGTHANT, အမှတ်တရ နေ့စွဲများ..., အစ်မမိုးပန်းချီ, puupuu, အစ်ကိုအောင်(ပျူနိုင်ငံ), ညီရဲသစ်, အစ်မအိမ်မက်စေရာ, ဘုန်းဘုန်း ရွှေဝန်းရတနာ, Junemoe, အလင်းသစ်၏နေ့စွဲများ, ဘုန်းဘုန်း ချယ်ရီမြေ, အစ်မ Nge Naing, အစ်ကိုKhin Maung Chin, အစ်မ khin oo may, အစ်ကိုYan Aung, အစ်ကို မြစ်ကျိုးအင်း, Nandar's Life, ဘိုဖြူ, မိုးဇက်......

အားလုံး၊ အားလုံးပါ။ အချို့လည်းရေးပြီးကုန်ကြလို့ မ Tag တော့ပါဘူးခင်ဗျာ။ ကျန်သွားခဲ့ရင်လဲ Comment ထဲမှာ ဆုံးမစာလေးရေးပေးသွားပါလို့ တောင်းပန်ပါရစေ။ ရေးပြီးသားဆိုရင်လည်း ချောတီးနော်။ မရေးပဲနေရင်တော့ CBox မှာလာအော်ပြီသာမှတ်။ ဟွင်း ဟွင်း ဟွင်း ဟွင်း :P
စတာနော်။ အားလုံးက အလုပ်တစ်ဖက် Blog တစ်ဖက်နဲ့ အရှုပ်လုပ်.... အုပ်... အုပ်... အဲလေမှားလို့ အလုပ်ရှုပ်နေကြတာဆိုတော့ အဆင်ပြေရင်ရေးပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ။

အားလုံး Merry X’mas ပါခင်ဗျာ။
8Yar
23rd Dec 2011

Wednesday 21 December 2011

ဟိုယောင်ယောင်၊ ဒီယောင်ယောင်


ဒီရက်ပိုင်း 8Yar လည်း စိတ်နဲ့လူနဲ့ ကပ်တယ်ကိုမရှိဘူး။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဘလော့တွေခိုးခိုးလည်၊ Comment တွေလဲမပေးရဲ.... :P ဟိဟိ... အကြောင်းက Post အသစ်မှမတင်ပဲကိုး။ အဲ့ဒီတော့ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ရဲ ဖြစ်နေတာပေါ့။ ကြာလာတော့ တာဝန်ရှိ ဘလော့မောင်နှမတွေ ဝိုင်းအော်ကြတော့တာပေါ့။ ဟီး....

အဲ့ဒါနဲ့ 8Yarလည်း Post တင်မယ်ဆိုပြီး ပြင်လိုက်ယုံရှိသေးတယ်၊ ရန်ကုန်က ညီမက Online တက်လာပြီး ဦးလေးဝမ်းကွဲ Singaporeကို ဆေးကုဖို့ထွက်လာတယ်ဆိုပဲ၊ ပထမတော့ အတော်အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆို အဲဒီဦးလေးက ထောင်ထောင်၊ မောင်းမောင်း၊ သန်သန်မာမာ ဆိုတော့ တော်ယုံရောဂါလောက်တော့ ဖြုံမယ်မထင်ဘူး။ အခု Singapore မှာလာကုရတယ်ဆိုတော့ မေဂျာ ကေ့စ် ဖြစ်မယ်လို့ ထင်မိတယ်။ ဒါနဲ့ လာပြောတဲ့ညီမကို ဘယ်ဆေးရုံလဲ၊ ဘယ်မှာတည်းမှာတဲ့လဲ၊ ဆက်သွယ်ရမဲ့ ဖုံးနံပါတ်ရှိလား စသည်ဖြင့် မေးလိုက်တယ် ဆိုရင်ပဲ ညီမက အားကိုးရစွာနဲ့ ပြောရှာတယ် သိဘူးတဲ့။

8Yar ကိုဒီလိုပြောလို့ဘယ်ရလိမ့်မလဲ ဆိုပြီး ဗီဒိုအာဏာသုံးပြီး၊ မသိရင် သိအောင်လုပ် ဆိုပြီးပြောမလို့ရှိသေးတယ်၊ သူက နေအုံး.... ဦးလေးသား ကိုဖုံးဆက်မေးပေးမယ်တဲ့၊ အဲ့ဒီ ဗီဒိုအာဏာက သုံးရတယ်ကိုမရှိဘူး။ ညီမတွေက လိမ္မာကြတာကိုး။ :P ဟိဟိ။ ဦးလေးသား အစ်ကိုတော်က စကားပြောပြတ်တယ် နှစ်လုံးပဲပြောပြီး ဖုံးချသွားတယ်လို့ပြောတယ်။ သူပြောသွားတာက မောင့်အီး တဲ့။ ဆေးရုံ နာမည်ကိုပြောတာပါ။ 8Yarတို့ကလည်း စလုံးမှာ လည်လည် ဝယ်ဝယ် ရှိရှာတာဆိုတော့ ရွာပတ်တော့တာပေါ့။ သူများတွေကိုမေးကြည့်တော့ သိဘူးတဲ့၊ ဘာကြီးတုန်း မောင့်အီး ဆိုတာက ဆိုပြီးတောင်ပြန်မေးကြတယ်။ စိတ်ညစ်ပါ့။

နောက်တော့ Online မှာရှာကြည့်လိုက်တော့ Mount Elizabeth Hospital ဆိုပြီး ရှာလို့တွေ့သွားတယ်။ ပထမတစ်ခေါက်သွားရှာတော့ မတွေ့ဘူး။ အဲဒီကလူကပြောတယ် မြန်မာပြည်ကနေလာတက်တာ အယောက် 40 နီးပါးရှိတယ် ဆိုပဲ။ ဟုတ်မဟုတ်တော့မသိ၊ ငါတို့ မြန်မာတွေ အတော်ချမ်းသာကြတာပဲ ဆိုပြီးရင်ကော့ကာပြန်လာလိုက်ပါတယ်။ နောက်ရက်မှ ဖုံးနံပါတ်တွေရလို့ 8Yar တစ်ယောက်အဆင်ပြေသွားခဲ့ပါတယ်။

အဲဒီလို အကြောင်းကြောင်းတွေကြောင့် 8Yar တစ်ယောက် Candy လို Orchard မှာဓာတ်ပုံ လျှောက်မရိုက်နိုင်ပါဘူး။ အစ်ကိုရင်လိုလည်း ဘောလုံးကို ရှုံးအောင် မကန်နိုင်ပါဘူး။ အစ်မကိုးလိုလည်း ဆံပင်တိုအောင် မညှပ်နိုင်ပါဘူး။ အကြောင်းက ကိုမောင်(စွယ်စုံကျမ်း)က ဆံပင်ရှည်မှ ကောင်မလေးချောချောရှိတဲ့ ဆိုင်ကိုခေါ်သွားပြီး ခေါင်းလျှော်မယ်ဆိုလို့ပါ။ :P ပြီးတော့ သမီးစံလို စာအိတ်ခေါက်ပြီး X'mas card ပေါ်မှာ အစ်မ Jas လို ဝီစကီတစ်ခွက်ရဲ့ အချစ်နောက်ဆက်တွဲလည်း မရေးနိုင်ပါဘူးခင်ဗျာ။ ထပ်ပြောရရင် ကျန်တဲ့ ဘလော့မောင်နှမတွေ ဝိုင်းသမမှာစိုးတာကြောင့် ဒီလောက်နဲ့ပဲ ရပ်ပါရစေခင်ဗျာ။ :P
အပေါ်မှာ ထီပေါက်သွားတဲ့ မောင်နှမများလည်း ချိတ်ချိုးပါစေနဲ့လို့ဆုတောင်းလျှက်.....

အားလုံးပျော်ရွှင်၊ ကျန်းမာကြပါစေ။

8Yar
21st Dec 2011

Wednesday 7 December 2011

အိုမင်းခြင်းရဲ့ ရုပ်ပြ


ရာသီတွေ ခါလီပြကာ
နှစ်တွေလဲ ကုန်တော့မယ်
စိတ်ဓာတ်တွေဟာ အရောင်အမျိုးမျိုးပြောင်းလို့
အိုမင်းရင့်ရော်စပြုနေပြီ.....

တွေးမယ်လို့ ကြံလိုက်တိုင်း
အရာရာဟာ ခမ်းခြောက်နေလေရဲ့
အတိတ်တွေမှာ ဝေဒနာရှိရင်
ငါတော့ သေရာပါ ဒဏ်ရာတွေနဲ့ လှမလားပဲ.....

ထားပါတော့
တောမဟုတ်တဲ့ မြို့ပြကောက်ကြောင်းပေါ်မှာ
ငါမသိတဲ့ စိတ်တစ်ခုနဲ့ ရှင်သန်နေခဲ့တာ
အခုဆို နေတောင် စောင်းလုပြီ.....

8Yar

7th Dec 2011