Wednesday 30 November 2011

အိမ်ရှာပုံတော်


နိုဝင်ဘာလကစပြီး 8Yarတို့ အိမ်ရှာပုံတော်ဖွင့်လိုက်တာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်ကမှ ရှာလို့တွေ့သွားတယ်။ အိမ်ရှာတယ်ဆိုလို့ အိမ်အလုံးလိုက်ရှာတယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ 8Yarတို့ တစ်အိမ်လုံးလည်း မတတ်နိုင်ဘူး၊ တစ် Flat လုံးလည်း မတတ်နိုင်ပါဘူး။ ရှာတာက Common room လေး တစ် room ပါ။ အဲဒီ Common room လေး တစ် room ရှာရတာ အတော်ပင်ပန်းသဗျာ။

လူဆိုတာကလဲ အခက်သားလား…. လိုတာမရ ရတာမလို ဆိုသလိုဖြစ်နေတယ်။ ကိုယ်အိမ်ရှာနေတယ်ကြားတော့ သူငယ်ချင်းမတစ်ယောက်က ပေါင်းပြီး တစ် Flat ငှါးရအောင်လို့ လာပြောတယ်။ မေးကြည့်လိုက်တော့ သူဖက်က မိန်းကလေး ၅ ယောက်တဲ့။ တေပီပေါ့ဂျာ…. မချော ငါးယောက်၊ ကိုယ် အခြောက် အဲလေ…. ကိုယ်တစ်ယောက် ဖြစ်နေတော့တာပေါ့။ အဲဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး မျက်စိစုံမှိတ်ပြီး ငြင်းလိုက်ရတယ်။ ဟူး တော်သေးတယ် သူက အသာတကြည်လက်ခံသွားလို့။ :P

ကိုယ်နေချင်တာက ယောင်္ကျားတွေနဲ့ အဲ… တမျိုးမတွေးနဲ့နော်။ ဆိုလိုချင်တာက အခြားအခန်းက ယောင်္ကျားတွေနေစေချင်တာကိုပြောတာပါ။ ယောင်္ကျားလေးတွေ ဆိုရင်ရှင်းတယ်။ သိပ်စကားမပြောရတော့ဘူး။ ပြောပြီဟေ့ ဆိုရင်လဲ ဓားကိုင်ပြောရတယ်။ ဟီး…. ကြက်သွန်လှီးနေတုန်း လာပြောလို့ဖြစ်မှာပေါ့နော့။ ယောင်္ကျားတွေကြီးပဲ ဆိုရင်လဲ အဲလိုအဲလိုရှင်းကြလွန်းလို့ မကောင်းပြန်ဘူး။ Couple ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ တစ်ခုခုဆိုရင် သူလူသူထိန်း၊ ကိုယ့်လူကိုယ်ထိန်း ဆိုတော့ မဆိုးလှဘူးပေါ့။ အဲလိုမှမဟုတ်ပဲ သူလူကိုယ်ထိန်းပြီး ကိုယ့်လူသူလာထိန်းရင်တော့ ပြဿနာပိုကြီးနိုင်တာပေါ့ဗျာ။ 8Yarတို့ကစေတနာကောင်းတော့ ကိုယ့်လူထက် သူ့လူကိုပဲသွားသွားထိန်းချင်နေမိတယ်။ ခစ်ခစ် :P နောက်တာနော် တော်ကြာ 8Yarကို ကြာကူလီထင်နေအုံးမယ်။

အဲဒီလို ဟိုတွေးဒီတွေး၊ ဟိုရှာဒီရှာနဲ့ ရှာလိုက်တာ တွေ့မဲ့တွေ့တော့ ကိုယ်နေနေတဲ့ Block ရဲ့ တစ် Block ကျော်မှာသွားတွေ့တယ်။ အခန်းလေးက အကောင်းကြီးမဟုတ်သလို၊ အဆိုးကြီးထဲမှာလည်း မပါဘူး။ အဆင်ပြေလောက်တယ်လို့ ယူဆလို့ယူထားလိုက်တယ်။ ပြီးတော့ပြောင်းမယ့်နေရာက ကိုယ်နေလာတဲ့ Clementi ထဲမှာဆိုတော့ ထူးထူးခြားခြား အပြောင်းအလဲတော့ မဖြစ်လောက်ဘူးလိုတော့ထင်တာပဲ။

ဟိုး အရင်ကတော့ 8Yarတို့ အခန်းရှာတာ Online ကမရှာဘူး။ အပြင်ထွက်ရှာတယ်။ ဘာဖြစ်လို့ဆိုတော့ ဘာမှမဖြစ်ဘူး။ Online မှာရှာလို့ရမှန်းကိုမသိလို့။ အဲလိုတော်တာ…. :D ကိုယ်နေချင်တဲ့ မြို့နယ်ရဲ့ MRT(ရထားဘူတာ) အောက်က အိမ်ခန်းကြော်ငြာဘုတ်မှာ Singapore မြေပုံတစ်အုပ်နဲ့ အကြာကြီးရပ်ပြီးရှာခဲ့ရတဲ့အခါတွေလည်းရှိသလို ခဏလေးရှာပြီး စိတ်ပျက်လာလို့ပြန်ခဲ့ရတဲ့အချိန်တွေလည်းရှိတယ်။ စိတ်ပျက်ရတဲ့အကြောင်းက ကြော်ငြာဘုတ်မှာက အကျိုးဆောင်တွေများတာရယ်၊ စလုံးအိမ်ရှင်တွေက အချက်အပြုပ် လက်မခံကြတာရယ်၊ ဧည့်သည် လက်မခံတာရယ်နဲ့ မြန်မာလို့ပြောလိုက်ရင် သူတို့ရှာတာက မလေးလူမျိုးနဲ့ တရုပ်လူမျိုးလို့ပြောတာရယ် ကြောင့်ပါ။ အဲ့လိုပြောလာတော့ 8Yarတို့က မခံချင်ပြန်ဘူး။ အဲ့ဒါကြောင့် ပုဆိုး ကတောင်းကျိုက်ပြီး ထိုးကွင်းတွေသွားပြမလို့ စဉ်းစားလိုက်သေးတယ်။ တို့ အရမ်းနံမည်ကြီးသွားမှားဆိုးလို့ စိတ်လျှော့ပြီး ငါကမြန်မာပြည်က တရုပ်ဆိုပြီး တရုပ်လိုပြောလိုက်တယ်။ အဲ့ဒီတော့မှ ဪ... မင်းက တရုပ်လူမျိုးကိုး ဆိုပြီး ဒီမှာဘာ Pass ကိုင်ထားလဲကနေ အစချီပြီး Interview သလို ဒရစပ်မေးတော့တာပဲ။ ကိုယ်ကလည်း ကိုယ့်မြန်မာကိုထိထားတာဆိုတော့ တစ်ခွန်းပဲပြန်ပြောလိုက်တယ်။ မင်းပြောတော့ မြန်မာကိုမငှါးဘူးဆို၊ ငါကလည်း မြန်မာကို မငှါးတဲ့ အခန်းကို အလကားနေခိုင်းတောင် မနေဘူးလို့ပြောပြီးဖုန်းချလိုက်တယ်။ ကိုယ်က မချရင် သူကပြန်ချသွားမှာစိုးလို့ ခပ်သွက်သွက်ပဲချလိုက်တယ်။ ဖုန်းကိုပြောပါတယ်။ :P အဲလိုတွေတွေ့ရရင် အတော်ပဲစိတ်ပျက်မိပါရဲ့။ အမှန်တော့ ကိုယ့်ဖက်က ရွေးချယ်နိုင်ခွင့်ရှိသလို သူတို့မှာလဲ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ 50% 50% မို့လို့စိတ်ဆိုးစရာမရှိပါဘူးလို့ပဲ စိတ်ဖြေလိုက်ပါတယ်။ မဖြေလို့လည်း မရဘူးလေနော့။ မဖြေရင်ကျသွားလိမ့်မယ် စိတ်ဓာတ်….. :P

နောက်တော့ သူငယ်ချင်းတစ်ယောက်ပြောပြလို့ Peninsula Plaza မှာမြန်မာအိမ်တွေရှာလို့ရတယ် ဆိုမှ 8Yar တစ်ယောက်အဆင်ပြေသွားခဲ့ပါတယ်။ အခုမှ Singapore ကိုရောက်ပြီး မသိသေး သောသူငယ်ချင်းတွေအတွက် အိမ်ရှာချင်တယ်ဆိုရင် Clementi က ကောင်းစုံစတိုးမှာသွားရှာနိုင်သလို Peninsula Plaza မှာဆိုရင် ဒေါ်သန်းသန်းနုစတိုး မှာလဲရှာနိုင်ပါတယ်။ Peninsula Plaza ကအခြားဆိုင်တွေမှာလည်းရှာလို့ရတယ်လို့ကြားပါတယ်။ အတိ အကျတော့မသိပါ။

ရှာပုံက အပေါ်မှာပြောခဲ့တဲ့ဆိုင်တွေက စာအုပ်ထားပေးထားပါတယ်။ အဲ့ဒီစာအုပ်မှာ မြန်မာလူမျိုးအိမ်ရှင်တွေနဲ့ အိမ်သူကြီးတွေက သူတို့ငှါးချင်တဲ့ အခန်းရဲ့ Detail နဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကိုရေးပြီးထားခဲ့ပါတယ်။ ငှါးချင်တဲ့သူက အဲဒါတွေဖတ်ပြီးကြိုက်တယ်ဆိုရင် ဖုန်းဆက်ကာ အိမ်သွားကြည့်လိုက်ပါ။ အဆင်ပြေတယ်ဆိုရင် စရံပေးခဲ့ပေတော့ဗျာ။ အဲဒီလို အိမ်ရှင်၊ အိမ်ငှါး အဆင်ပြေအောင် စာအုပ်ထားပေးတဲ့ ဆိုင်တွေကိုတော့ ကျွန်တော်အနေနဲ့ ကျေးဇူးတင်မိပါရဲ့။

ကျွန်တော်လည်းဒီနောက်ပိုင်း အပြင်မှာသွားရှာဖို့ အချိန်မပေးနိုင်တာရယ်၊ အပျင်းထူတာရယ်ကြောင့် Online ကနေပဲရှာပါတယ်။ Online မှာရှာရင် လူအတော်သက်သာပေမယ့် မျက်စိညောင်းပြီး ခေါင်းမူးပါတယ်။ မသောက်ပဲမူးချင်တယ်ဆိုရင်တော့ Online ကနေအိမ်များများရှာပါလို့ အကြံပြုပါရစေ။ :D Online မှာရှာချင်တယ် ဆိုရင်တော့ အောက်က Link တွေထဲကနေသွားပေတော့ဗျာ။

မြန်မာဆိုက်

http://www.myanmar-house.com/

www.myanmarroom.com/

http://www.shwemyanmars.com/

http://www.shwerooms.com/

http://myanmarinsingapore.com/group/rooms

Singapore Site ( Singapore Site တွေက အများကြီးပါ။ Google မှာရှာလိုက်ရင်တွေ့မှာပါ။ အခု ဆိုက်လေးက မဆိုးဘူးလို့ယူဆလို့ စလုံး အိမ်ရှင်နဲ့နေချင်သူတွေအတွက် ထည့်ပေးလိုက်ပါတယ်။)

http://www.flatsdb.com/

ဪအကြံပေးဖို့တစ်ခုကျန်သွားတယ်။ လိုချင်တဲ့ဟာလေး မြန်မြန်ဆန်ဆန်ရသွားအောင်လို့ Site ရဲ့ Search Box ကိုသွားပြီး ကိုယ်နေချင်တဲ့နယ်မြေ ဒါမှမဟုတ် အခန်းအမျိုးအစား လေးကိုရိုက်ပြီးရှာပါလို့ အကြံပြုပါရစေ။ ဥပမာ Orchard မှာနေချင်တယ်ဆိုရင် Orchard ပေါ့။ Master Bed Room မှာနေချင်တာဆိုရင် Master Room ပေါ့။ Key Word ကိုတစ်လုံးထဲရိုက်စေချင်ပါတယ်။ မဟုတ်ရင် လိုရာမရောက်မှာစိုးလို့ပါ။ ဘလော့ဂ်မောင်နှမတွေကိုလည်း Post အကြွေးတွေကြိုးစားဆပ်နေပါတယ်လို့ ပြောကြားရင်း Post လေးကိုရပ်နားပါရစေခင်ဗျာ။

အားလုံး အဆင်ပြေ၊ ပျော်ရွှင်၊ ကျန်းမာကြပါစေခင်ဗျာ။

8Yar

30th Nov 2011

21 comments:

မိုးခါး said...

အိမ်တွေ့မှပဲ စာအသစ်တက်တော့တာပဲ .. :P
နေကောင်း ကျန်းမာ အဆင်ပြေတယ်ဆိုလို့ ၀မ်းသာမိပါကြောင်း .. :D

AH said...

အိမ်ရှာတွေ့ပြီဆိုတော့ ၀မ်းသာလှကြောင်းပါ ကို8ရာ ခင်ဗျား

ခင်မင်စွာဖြင့်
AH

Candy said...

ဟိဟိ.. အိမ်ရသွားပြီလား.. တော်သေးတာပေါ့.. မဟုတ်ရင် အိပ်ယာတစ်ယောက် လမ်းမပေါ်ရောက်နေဦးမယ် :P

မဒမ်ကိုး said...

သြော် မောင်အိပ်ယာပိန်းချက် ငါခုမှသိတယ်း)

Anonymous said...

ဝမ်းသာတယ်အစ်ကိုရေ
အိမ်သစ်တက်ပွဲလေးဘာလေး
လုပ်အုံးနော်း))
လေးစားလျှက်
သမံစီး

mstint said...

မောင်8Yar တစ်ယောက် ခက်ခက်ခဲခဲနဲ့ အိမ်ခန်းရှာတွေ့ပြီဆိုလို့ ဝမ်းသာပါတယ်။ နောက်ထပ်တက်လာမဲ့ ပို့စ်တွေ တီတင့်တို့တစ်တွေ ဖတ်ခွင့်ရပြီပေါ့နော်း)အားလုံးအဆင်ပြေတယ်ဟုတ်?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုတူး said...

အစစအရာရာ အဆင်ပြေပါစေ ကို Xယာ.

Anonymous said...

အိပ်ရာ ကအိပ်စရာရသွားပြီပေါ့နော်..အိမ်း..လာလည်ရင် အိမ်လိုက်ရှာကြည့်ပါတယ်..ထန်းလက်နဲ့  လုပ်တဲ့ ထန်းတောထဲကအိမ်
မတွေ့ လို့  မြန်မာပြည်မှာပဲ နေတော့မယ်...တိန်

June Moe said...

ဒီပို့စ်အတွက် ကျေးဇူးအထူးဗျာ
ကော်ပီလည်းကူးသိမ်းထားလိုက်ပီ..ဟိ
စလုံးလာလို့ အိမ်ရှာမယ်ဆို ဒီပို့စ်က အသုံးဝင်တယ်ဗျို့...
ကို အိပ်ယာ အဆင်ပြေပြီဆိုတော့ ၀မ်းသာတယ်ဗျာ
ပို့စ်အသစ်တွေ မျှော်တယ်နော

ခင်လျက်
ဂျွန်မိုး

ကိုရင် said...

အိပ်ယာက အိပ်စရာ ရှာနေတယ်ဆိုပါလား.. အရင်လိုပဲ ဆရာ့တော်ကျောင်း သွားနေ ရနေတာကို.. :D

8Yar said...

မိုးခါး<< ဟီး... :P ဟုတ်။ လာအားပေးလို့ ကျေးဇူးပါ အစ်မမိုးခါးရေ။

AH<< ဟုတ်ကဲ့ ကျေးဇူးပါအစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

Candy<< ဟာဟ လမ်းမပေါ်ရောက်လို့ကတော့ ကျူးကျော်ရပ်ကွက်ထောင်ပြီး ဥက္ကဌလုပ်ပစ်လိုက်မယ်။ :P

8Yar said...

မဒမ်ကိုး<<ဟုတ်တယ်ဗျာ။ ကိုယ့်ဟာကိုလဲ အားမရပါဘူးဗျာ။ ပိန်းချက်က လက်ဖက်ရေသောက်ပါအုံးလားဆိုရင် ထမင်းစားလို့မရဘူးလားလို့ မေးတတ်တဲ့လူဗျ။ :P

သမံစီး<<လုပ်ချင်တာပေါ့ သမံစီးရယ်။ စပွန်ဆာရှိမယ်ဆိုရင် အဲလေ... သမံစီး လာမယ်ဆို လုပ်မယ်ဂျာ။ :D

mstint<< ဟီးဟီး အန်တီတင့်ရေ လာမြှောက်ပြီးပြောသွားလို့ ကျေးကျေးပါခင်ဗျာ။ ကျွန်တော်လဲ ကိုယ့်အကြောင်းကို အသိဆုံးမို့ ဘဝင်မမြင့်ရဲပါဘူး။ အားလုံးလည်းဆင်ပြေပါတယ်ခင်ဗျာ။ အန်တီတင့်လဲ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေခင်ဗျာ။

8Yar said...

KO2<< ကျေးဇူးပါအစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မောင်(စွယ်စုံကျမ်း)<< ဟီးဟီး အခုလယ်တွေလိုက် သိမ်းနေတယ်လို့ကြားတော့ အစ်ကိုမောင်ကို စိတ်ပူမိတယ်ဗျာ။ ခစ်ခစ် ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ကိုရင်<< ဆရာတော်ကမိန့်တယ် ဒီကောင်အိပ်ယာ ဆွန်းခံလိုက်ဆိုတော့ ဆွန်းခံရင်း ငှက်သင့်မှာကြောက်တယ်ပြော၊ ဆွန်းချက်ဆိုတော့ ဆွန်းဆန်ထဲ ကြက်ချေးရောတယ် ပြောခံရမှာကြောက်တယ်ပြောတယ်။ ဒီကောင်ကိုဘယ်မှာ သုံးလို့ရလဲပြော ဆိုပြီး စိတ်ဆိုးနေလို့ ကျောင်းမပြန်ရဲတာနဲ့ အိမ်ရှာရတာပါဗျာ။ :P

စံပယ်ချို said...

မချော၅ယောက်ကိုယ်အချောက်တဲ့လား
တစ်ကယ်လား
အဖြစ်ဆိုးလိုက်တာ အိမ်သစ်တက်ပွဲတွေဘာတွေမလုပ်ဘူးလား
ဒီတစ်ခါတော့ စွံပြီထင်တယ်---
အားရင်အိမ်ဖက်လာလည်နော်
ခင်ခင်မင်မင် ma ma jasmine

ဟန်ကြည် said...

အိမ်တွေ့ပြီဆိုတော့ အိပ်ယာတစ်ယောက် အိပ်ယာပေါ်ပြန်ရောက်ပြီပေါ့...အင်း အိမ်ရှာရတဲ့ ဒုက္ခကလည်း တယ်မသေးပေဘူး...သူရို့ဆီမှာမို့ အွန်လိုင်းပေါ်ကနေရှာလို့ရတာ...ရွှေပြည်မှာတော့ တစ်နေကုန်တစ်နေခမ်း လှည့်ပတ်ပြီးရှာပေတော့...

8Yar said...

jasmine(တောင်ကြီး)<< ဟာဂျာ... မွှားရေးတာကို အတည်ယူရဘူးလေဂျာ။ တစ်အိမ်လုံးငှါးတာမဟုတ်တော့ အိမ်တက်လုပ်လို့ ရမရမသိဘူးဗျ။ :D

ဟန်ကြည်<< ဟုတ်တယ်ခင်ဗျ အိမ်ရှာရတာ တကယ်မလွယ်တဲ့ အရာပါ။ ကျွန်တော်တို့ ရွှေပြည်ကြီး အမြန်တိုးတက်ဖို့ ဆုတော့တောင်းနေရတာပဲဗျာ။ လာအားပေးလို့ကျေးဇူးပါ အစ်ကိုကြီးရေ။

my logic said...

ယာယာရေ အိမ်ရသွားပီပေါ့....၀မ်းသာပါတယ်
အိမ်ရှာရတဲ့အတွေ့အကြုံလေးတခု တိုးသွားပီပေါ့....ဟီး
စလုံးမှာ အိမ်ရှာရတဲ့ ဒုက္ခကလဲမသေးဘူးနော်... အဲလိုမျိုးကအစပဲရှိပါသေးတယ် ယာယာရေ ....
ပူးပူးတို့ ဆို အရေခွံထူနေပီ...... ပူးပူးတိုလဲ အိမ်ခန်းရှာရအုံးမှာ
လာတော့မယ်....... ဒုက္ခတွေ..
ခင်မင်လျက် ပါ......... ပူးပူး :)

shwewunyatana said...

8Yar..ရေနေကောင်းပါစ..အိမ်ရှာပုံတော်ကိုလဖတ်သွားပါတယ်...

မေတ္တာဖြင့်..
ရွှေဝန်းရတနာ..

မြသွေးနီ said...

အဆင်ပြေသွားတာ ၀မ်းသာတယ်...
ပို့စ်လေးက ရွှင်နေတာပဲ...
ဖတ်ရသူတောင် ပျော်လာတယ်... :)

8Yar said...

puupuu<< ဟုတ်တယ်ဗျာ စလုံးမှာ အိမ်ရှာရတာ အတော်မလွယ်တဲ့ ကိစ္စပါဗျာ။ ပူးပူးလဲ အိမ်ကောင်းကောင်းလေးရပါစေလို့ 8Yarဆုတောင်းပေးပါတယ်။

shwewunyatana<< တင်ပါ့ဘုရား။ ကျေးဇူးပါ အရှင်ဘုရား။ အရှင်ဘုရားလည်း ကျန်းမာပျော်ရွှင်ပါစေ ခင်ဗျာ။

မြသွေးနီ<< ဟီး.... ဟုတ်ကဲ့အစ်မ လာအားပေးလို့ ကျေးကျေးပါအစ်မမြသွေးနီရေ။

thu ma said...

သူများဆီမှာ အိမ်ရှာပုံတော်ဖွင့်ရတာ မလွယ်ဘူးနော်.
အိပ်ရာတဲ့ ရိုးရိုးလေးနဲ့ ဆန်းတယ် :)