Saturday, 22 September 2012

ညောင်မုတ်ဆိတ်


နံနက်ခင်းကတော့ အလင်းရောင်တွေ အခင်းအကျင်းနဲ့ ရောက်လာပြန်ပြီ။ လေပြေအချို့က တောင်မြောက် ပြေးလွှားရင်း လောကကို ကျီစယ်နေလေရဲ့။ ငှက်အချို့က အာရုဏ်အတက်မှာ အစာရှာ၊ ညဥ့်ပျော်ငှက်တွေက အိပ်တန်းတက်ဖို့ပြင်နဲ့ လောကတစ်ခွင်လုံး သူ့ဟာနဲ့သူ အံဝင်လျှက်ရှိကြသည်။ သို့သော် အံမဝင် အဆင်မပြေလှသူတစ်ဦးတော့ရှိလေရဲ့။ ထိုသူမှာ မြန်မာပြည် မြေလတ်ပိုင်း ရွာတစ်ရွာမှ သာဂိ ဟုခေါ်သော နွားကျောင်းသား တစ်ဦးပင်ဖြစ်သည်။

သာဂိမှာ နွားကျောင်းသား ဟုသာဆိုသည် မြို့သားတွေမြင်ဖူးသော ဂျင်းဘောင်းဘီ ဖင်ကြပ်နှင့် အင်္ကျီ အကွက်ကြဲကြီးကိုဝတ်၊ လည်ပင်းတွင် ပုဝါစည်းကာ သားရေဦးထုပ်ကို ခပ်စောင်းစောင်း ဆောင်း၊ ခါးတွင်သေနပ်ကိုချိတ်၍ အနောက်တွင် ဒလက်ပါသောဘု(စ်) ဟုခေါ်သောသားရေဖိနပ်အမာကြီးကိုစီး၊ မုတ်ဆိတ် ကျင်စွယ်ထူလဗျစ်နဲ့ လူကြည့်ရင် ပေစောင်းစောင်းကြည့်ပြီး ပါးစပ်ကို ခပ်ရွဲ့ရွဲ့ထားကာ ဆေးပြင်းလိပ်ခဲတတ်သော အနောက်တိုင်းသား နွားကျောင်းသားများလောက် ပဲမများလှပေ။ သို့သော် စာထဲ၊ ပေထဲတွင် မြင်ဖူးသော ခေါင်းတွင် ပုဝါစည်း၊ ခါးတောင်းကို မြှောင်အောင်ကျိုက်၊ အင်္ကျီဗလာနှင့် အထိန်းကြိုးမပါသော နွားကိုစီးကာ ပုလွေမှုတ်၍ နွားကျောင်းတတ်သူလောက်လည်း နွားကျောင်းသားမပီသလှပေ။

သာဂိ၏ ပုံသဏ္ဍာန်မှာ ဂျင်းဦးထုပ်ဟောင်းကိုဆောင်း၊ မြို့လူကြီးများလာတုန်းက ရထားသော ရွဲတဲတဲလူကြီးဝတ်ကြော်ငြာအင်္ကျီအဟောင်းတစ်ထည်ကိုဝတ်ကာ တွန့်ကြေနေသော ချည်ကြမ်းပုဆိုးကို ခါးတွင်ခပ်တင်းတင်းစည်းထားသော ၁၆ နှစ်အရွယ် လူငယ်လေးပင်ဖြစ်သည်။

သာဂိမှာ မနေ့ညက ရွာကျောင်းဦးဇင်းမှ ချပေးလိုက်သော လောကနီတိအား အခုမနက်ပိုင်းတွင် အပြီးကျက်ရန် စိတ်ပိုင်းဖြတ်ပြီး ရွာစွန်၊ တောစပ်ရှိ ညောင်မုတ်ဆိတ်ကြီးဆီသို့ ရောက်လာခဲ့လေသည်။ ထိုညောင်မုတ်ဆိတ်ကြီးမှာ အတော်ပင်ကြီးလှရကား လူကြီးလေးဖက်စာလောက်ပင်ရှိလေသည်။ ညောင်မုတ်ဆိတ်ဆိုသည့်အတိုင်း အကိုင်းမှ အမြစ်များရှည်လျားစွာကျနေသောကြောင့် လေတိုက်လျှင်ပင် အခတ်၊ အလက်ချင်း ရိုက်သံကြားရလေသည်။ ထိုညောင်မုတ်ဆိတ်ကြီး၏ပင်စည်မှာ လုံးလုံးဝန်းဝန်းမရှိပဲ အလယ်သို့ အနည်းငယ်စီချိုင့်ဝင်လျှက်ရှိရာ လေးဘက်လေးတံ အခန်း၊ အကန့် လေးများသဖွယ်ဖြစ်နေလေသည်။

သာဂိသည်ရွာလမ်းမကို ကျောပေး၍ တောစပ်သို့မျက်နှာမူရာ အပင်၏အတွင်းပိုင်း၊ အနောက်ဖက်၌ ဝင်၍ထိုင်ပြီး စာမကျက်သေးပဲ တောင်တွေး၊ မြောက်တွေးလုပ်နေသည်။ များမကြာမီ ရွာလမ်းမဖက်မှ ခြေသံပြင်းပြင်းဖြင့် သူထိုင်နေရာ ညောင်မုတ်ဆိတ်သို့ ဦးတည်လာသံကို ကြားလိုက်ရသည်။ ထိုခြေသံသည် ညောင်ပင်၏ အရှေ့၌ရပ်သွားကာ ပါလာသောပစ္စည်းများချသံကိုဆက်ကြားရလေသည်။ ထို့နောက် အမွှေးတိုင်နံ့များနှင့်အတူ ကြားရသည်မှာ...
"ဤညောင်ပင်အား အပိုင်စားတော်မူသောနတ်မင်းကြီးအား အခုပါလာသော စားဖွယ်များနဲ့ ပူဇော်ပသပါတယ်ရှင်.... ယခုကဲ့သို့ ပူဇော်ရသော အကျိုးကြောင့် ကျွန်တော်မျိုးမ၏ ကုန်စုံဆိုင်မှာ အမြတ်များစွာ၊ များစွာ ရပြီး.... ရွာတွင် အချမ်းသာဆုံးဖြစ်အောင် မစတော်မူပါ နတ်မင်းကြီးရှင်....။"
ဟု ၃ ခေါက်ထက်မနည်း ရွတ်ဆိုပြီး "ငါတော့ မကြာခင်ချမ်းသာတော့မှာပဲ..." ဟုရေရွတ်ကာ ထွက်သွားလေသည်။

တာဂိမှာ ပါးစပ်ကြီးဟ၍ ဘာဆက်တွေးရမှန်း မသိရှိနေစဉ် ဒုတိယမြောက် ခြေသံကိုကြားလိုက်ရပြန်သည်။ ထိုခြေသံပိုင်ရှင်မှာလည်း ညောင်ပင်၏ အရှေ့တွင်ရပ်သွားသံနှင့် ထိုလူ့ထံမှ ညောင်ကိုင်းအား တစ်ခုခုနှင့် လိုက်ထိုးနေသံကြားရသည်။
 ညောင်သီးများလာခူးလေသလား?? မဖြစ်နိုင်ပေ။ ညောင်သီးမှာ စားကောင်းသည်ဟု မကြားဖူးပေ။
 တာဂိ စဉ်းစားနေစဉ် ထိုလူ့ထံမှ ရေရွတ်သံထွက်လာလေသည်။
"ကဲ ညောင်ကိုင်းထောက်လို့ အသက်ရှည်၊ ကျန်းမာ၊ ရောဂါဘယကင်းရပါစေဗျာ....။"
ဟုဆိုကာ ဒုတိယခြေသံပိုင်ရှင်လည်း ညောင်ပင်အောက်မှ ထွက်ခွါသွားလေသည်။ သာဂိမှာသာ ပါးစပ်မပိတ်နိုင်ပဲ နားဆက်စွန့်နေမိသည်။

ထိုစဉ် တတိယမြောက် ခြေသံကိုကြားရပြန်သည်။ ဒီတစ်ခါ ခြေသံပိုင်ရှင်မှာ တစ်ယောက်ထက်မက ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ခြေသံမှာရှုပ်ထွေး၍ ဆူညံသောကြောင့်ပင်ဖြစ်သည်။ ထိုခြေသံများနှင့်အတူ ယောက်ျားတစ်ယောက်၏ စကားသံကို စကြားရလေသည်။

" မြန်မြန်လာပါ မယ်စင်ရယ်...။"
ထို့နောက်ဆက်ကြားရသည်က...
"ဒီထက်ပဲမြန်ရအုံးမလားတော်..."
ဟုမိန်းမတစ်ဦး၏ ဖြေသံပင်ဖြစ်သည်။ ထို့နောက်...

ကျား: လာဒီထဲဝင်မယ်...
မ: အိုတော်... မြွေတွေ၊ ကင်းတွေပေါပါဘိသနဲ့...
ကျား: ကျုပ်ရှိပါတယ်ဗျာ။ ဘာကြောက်စရာရှိလဲ။
ဟုဆိုကာ ညောင်ပင်အောက်သို့ ဝင်လာလေသည်။ ယခင်လူများမှာ ညောင်ပင်ခံနေ၍ သာဂိအားမမြင်သော်လည်း ယခုသူနှစ်ဦးမှာ ညောင်ပင်၏ အရှေ့တွင်မရပ်ပဲ ဘေးသို့ကွေ့ဝင်လာသဖြင့် သာဂိ၏ ဘေးချင်းကပ် ညောင်ပင်အကန့်ထဲသို့ ရောက်ရှိသွားသောကြောင့် အခန့်မသင့်လျှင် သာဂိအားမြင်တွေ့သွားနိုင်သည်။ ထို့ကြောင့်သာဂိမှာ ပင်စည်နှင့်ကျောကို ပြားနေအောင် ကပ်ထားမိလေသည်။

ကျား: ဒီနားတိုးပါ မယ်စင်ရယ်....
မ: အိုတော် သူများတွေမြင်သွားမှဖြင့်
ကျား: မမြင်ပါဘူးကွာ... နည်းနည်းလောက်ကပ်စမ်းပါ....
မ: ရှင်နဲ့တွေ့တိုင်း ဒီလိုချည့်ပဲ.... ဒါပဲနော်.. ဘယ်သူကိုမှ မပြောရဘူး။
ကျား: အင်းပါကွာ... မပြောပါဘူး။
သာဂိ ပါးစပ်ဟနေရာမှ မျက်လုံးပါပြူးသွားသည်။
ကျား: လာဒီကို...
မ: အို... ဒီလူ အတော်ဆိုးတာပဲ....
ကျား: ချစ်လို့ပါကွာ...

သူတို့တော့မသိ... သာဂိမှာ အာခေါင်တွေခြောက်ကာ ရင်ခုန်သံတွေမြန်လာသည်...

မ: ဟွန့်... မပြောချင်ဘူး။ ကဲ.. တော်ပြီ အသက်ရှူလို့ရတော့ဘူး... လွှတ်တော့..
ကျား: ချစ်လို့တောင်မဝသေးဘူး။
မ: နောက်တစ်ခါ လာမတွေ့ပဲနေလိုက်မှာနော်...။
ကျား: ဟုတ်ပါပြီ... ဟုတ်ပါပြီ... လွှတ်ပါပြီဗျာ။
မ: ကျုပ်မောင်တွေလာတော့မယ် ထင်တယ်... လမ်းခွဲကြစို့ရယ်။
ကျား: ကောင်းပါပြီဗျာ... ကျုပ် မယ်စင်ကိုအရမ်းချစ်တယ်.. ဆိုတာမမေ့ပါနဲ့နော်....။
မ: မမေ့ပါဘူးတော်။ တော်သာ ဝါမဝင်ခင် လူကြီးတွေဆီမှာ လာတောင်းနိုင်အောင်ကြိုးစား....။
ကျား: ဟုတ်ကဲ့ပါဗျာ....။ သွားစို့....

ဟုဆိုကာ ညောင်ပင်အောက်မှ ထွက်ခွါသွားကြလေသည်။ သူတို့ထွက်သွားသော်လည်း သာဂိတစ်ယောက် ရင်တုန်မပြယ်နိုင်သေး။ အသက်ကိုမှန်မှန်ရှူ၍ သက်ပြင်းချလိုက်မှပင် အဆင်ပြေသွားလေသည်။

ထို့နောက် စာကျက်ရန် စာအုပ်ကိုပြန်ကိုင်လိုက်စဉ် စတုတ္ထမြောက်ခြေသံထပ်ကြားရပြန်သည်။ ဒီမနက်တော့ သာဂိ တစ်ယောက် စာကျက်ဖြစ်ဖို့မမြင်...။ ထိုစတုတ္ထမြောက်ခြေသံပိုင်ရှင်သည် ညောင်ပင်ရှေ့သို့ဝင်လာပြီး...
"ဟူး မောလိုက်တာ။ ဟွန်း! ညောင်ပင်ကြီးရှိပြီး ရေအိုးစဉ်လေးတောင် မထားဘူး။ ဒီရွာကလူတွေ တော်တော် သဒ္ဓါတရားနည်းပါးတာပဲ..။"
ဟုဆိုကာ ဒေါနှင့် မောနှင့်ထွက်သွားလေသည်။

သာဂိတွင် အတွေးတစ်ခုဝင်လာသည်။ လူအချို့သည် ဤညောင်ပင်အား ပုံစံတစ်မျိုးစီဖြင့် အသုံးချကြသည်။ သာဂိလည်း သည်ညောင်ပင်အား အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့အတ္တအတွက်တော့မဟုတ်ချေ။ သာဂိ၏စိတ်ထဲတွင် စဉ်းစားနေသည်ကား....

" လောကနီတိပြန်နိုင်လို့ ဦးဇင်းက ဘာဆု ယူမလဲမေးရင်... ကျောင်းမှာ ပိုနေတဲ့ သောက်ရေအိုး၊ ခွက် တစ်စုံနဲ့ ကျောင်းအောက်က ပျဉ်တွေကိုကိုတောင်းရမယ်.... တောင်းရမယ်....။

လေးစားစွာ

8Yar
22th Sep 2012

8 comments:

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကိုကောင်းတဲ့အတွေးပါ။ရေချမ်းစင်လေးတော့ထားသင့်တာပေါ့။လာသမျှရင်ကိုအေးစေမယ့် အတွေးလေးပဲ ။

လွင်ပြင်လှိုင်းငယ် said...

စကားမစပ် ဘလော့ဂါနာမည်လေးတွေနဲ့ ကဗျာလေးတစ်ပုဒ်စပ်ထားပါတယ် လာရောက်အားပေးပါအုံး

စံပယ်ချို said...

ညောင်မုတ်ဆိတ်ကိုဖတ်ပြီး
သာဂိ အတွေးလေးကိုသဘောကျမိတယ်
လုပ်သင့်တဲ့အလုပ်တခုမို့လေ
ခင်မင်တဲ့ jasmine

မောင်(စွယ်စုံကျမ်း) said...

ကိုအပ်ယာရဲ့ ညေယင်မုတ်ဆိတ်ပေါ့နော..ဒါမျိုးလည်းရတာပဲသူက..ဟိဟိ

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့..အရေးလေးကလဲကောင်း..
အတွေးလေးကလဲကောင်း...အားလုံးကောင်းမှကောင်း.
သာဂိရဲ့ ရင်ထဲကဆန္ဒလေးက နှစ်သက်ကြည်နူးစရာ..
ညောင်ပင်ကြီးရဲ့အောက်မှာ ရေချမ်းစင်လေး...
အို..စိတ်ထဲမြင်ယောင်ကြည့်လိုက်မိတာနဲ့တောင်..
ရင်ထဲ အေးချမ်းသွားရတယ်...သာဂိဆန္ဒလေး အမြန်
ပြည့်ပါစေဟယ်...:D
ခင်မင်နေတဲ့..မိုးနတ်

အိမ်မက်ကောင်းကင် said...

အရေးအသားလေးတွေက ဆွဲဆောင်မှုရှိလှပါတယ်
သာဂိ ၀တ်ထားပုံလေးကို မြင်ယောင်ကြည့်ရင်း တစ်ယောက်တည်းတောင် ကြိတ်ပြုံးမိသား
သာဂိရဲ့အတွေးလေး ကလည်း အတုယူစရာကောင်းလှပါတယ်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

မြတ်နိုးသူ(MUFL) said...

ရေးထားတဲ့အရေးသားလေးတွေ
အရမ်းကောင်းတယ်အားပေးသွားပါတယ်နော်

mstint said...

မတွေ့တာကြာပေါ့ မောင်အိပ်ယာရေ။ ဒီကနေ့မှ ပို့စ်အကြွေးတွေလိုက်ဖတ်ခွင့်ရတော့တယ်။
ညောင်မုတ်ဆိတ် အကြောင်းဖတ်ရင်း ခံယူချက်တွေကွာခြားတဲ့ လောကလူသားတွေအကြောင်း အတွေးနယ်ချဲ့သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်