Tuesday 27 September 2011

ကြောင်ပြပွဲ

မင်္ဂလာပါခင်ဗျာ။ ဒီရက်ပိုင်း ကျွန်တော် အလုပ်တွေပိနေလို့ ကျွန်တော့ဘလော့လေးကို ပစ်ထားသလိုဖြစ်သွားပါတယ်။ လာလည်ကြတဲ့ ဘလော့ မောင်နှမများနဲ့ စာဖတ်သူများကို အရမ်းပဲ အားနာမိပါတယ် ခင်ဗျာ။ အဲဒီ အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော့ ဘလော့လေးကို ကျွန်တော် မလေးမစားမလုပ်ရိုး အမှန်ပါ။ ကျွန်တော့မှာ အလုပ်ကဖိအားတွေရပြီး စိတ်အတော်ညစ်ရပါတယ်။ ညဆိုရင်လည်းနောက်ကျ မှပြန်ရောက်တယ်။ ၂၃ရက်နေ့က အပြန်နောက်ကျသွားလို့ ဧရာဝတီအတွက် ရေးထားတဲ့ ကဗျာလေးတောင် မတင်ဖြစ်ခဲ့ပါဘူး ခင်ဗျာ။ အိမ်ပြန်ရောက်တော့ ၁၂နာရီ ကျော်နေပြီ။ ဘလော့ မောင်နှမတွေကတော့ တာဝန်ကျေပြီး၊ ကျွန်တော့မှာ တာဝန်မကျေတဲ့ အတွက် အတော်ကိုစိတ်မကောင်း ဖြစ်မိပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဟာကို အပြစ်ပေးတဲ့ အနေနဲ့ အဲဒိကဗျာလေးကို မတင်တော့ပါဘူး ခင်ဗျာ။ ကျွန်တော့ရဲ့ ဘလော့မောင်နှမများ အားလုံးနဲ့ စာဖတ်သူများ အားလုံးကို ကျွန်တော်ရိုသေစွာ ဂါရဝပြုရင်း ကြောင်ပြပွဲ ဆိုတဲ့ Post လေးကို စပါရစေခင်ဗျာ။


ကလင်..... ကလင်..... ကလင်.....
မနက်စောစောစီးစီး ငှက်သံလေးတွေ မကြားရပဲ၊ ဖုန်းသံကြားလိုက်ရသဖြင့် ကျွန်တော် လည်း အူကြောင်ကြောင်ထ၍ ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဟဲလို"
“ဟေ့ကောင် ကြောင်ပြပွဲသွားမယ် လိုက်မလား?”
ကျွန်တော်သိလိုက်ပြီ စောစောစီးစီးသူများကို လာနှောက်ယှက်နေပြီဆိုတာ
“ဟာဗျာ.... ကိုယ့်ဟာကိုယ် သွားကြောင်တာ ကြောင်ပါဗျာ... မလိုက်ချင်ပါဘူး”  ဟုဘုတောလိုက်ရာ
သူငယ်ချင်းကလည်း “အာ..... ဒီကောင် အိပ်ချင်မူးတူးနဲ့ Cat Show သွားမယ်ပြောတာဟ!”
“အွန်! ဟာဗျာ Catwalk ပဲကြားဖူးပါတယ် Cat Show တော့ မကြားဖူးပါဘူး” လို့ပြောတော့
ဟိုဖက်က စိတ်လေသွားသံဖြင့် “ဒီမှာ 8Yar Catwalk ဆိုတာ ကောင်မလေးလှလှလေးတွေ လျှောက်တာ ၊ Cat Show ဆိုတာကတော့ ကြောင်လှလှလေးတွေ ပြတာကွ” တဲ့ ပြီးတော့သူက ဆက်ပြောတယ် “မင်းမသိရင်လဲ သိအောင်လိုက်ခဲ့ ဘယ်လိုလဲ?”

ကျွန်တော်စဉ်းစားလိုက်တယ်။ ဒီနေ့ဘာတွေ လုပ်စရာရှိလဲလို့။ ထုံးစံ အတိုင်း ကျွန်တော့ရဲ့ အချိန်တွေကကြပ်နေတယ်။ ဒီနေ့လုပ်စရာတွေက နိုးရင် စားမယ်၊ စားပြီးရင် ပြန်အိပ်မယ်၊ အိပ်ပြီးရင် ပြန်စားမယ် အဲ အဲ မဟုတ်ဘူး မဟုတ်ဘူး အခုပြောင်းသွားပြီ ဘလော့လည်မယ်၊ ဘလော့ဖတ်မယ်။  ဘလော့ဖတ်မယ်၊ ဘလော့လည်မယ်။ ဒီနောက်ပိုင်း အအိပ်နဲ့ အစားနဲ့ ကသိပ်အရေးမပါတော့ဘူး။ ဟီး..... :P

ဆိုလိုချင်တာက အဲ့ဒီလို အလုပ်များနေတဲ့ကြားက Cat Show ဆိုတာလေးကို နည်းနည်းစိတ်ဝင်စားသွားတယ်။ ဒါကြောင့် လိုက်မယ်ဗျာလို့ပြောလိုက်တယ်။
သူငယ်ချင်းကလည်း “အင်း ဒါဆိုငါတို့ Yishun MRT မှာ ၁၂နာရီတိတိ ဆုံကြမယ်။”
ကျွန်တော်ကလည်း “အင်း See you” ဆိုပြီး ဖုန်းချလိုက်တယ်။

အဲ့ဒီနောက် ကျွန်တော်လည်း အိပ်ယာသိမ်း၊ မျက်နှာသစ်ပြီး နံနက်စာပေါင်မုန့်လေးကို တစ်ဖက်ကကိုင်၊ အအေးဘူးလေးဘေးချကာ ဘလော့တွေလိုက်ဖတ်လိုက်တာ အိမ်အလုပ်တောင် ဘာမှမလိုက်ရဘူး ၁၀နာရီထိုးသွားလေရဲ့။ :P

၁၀နာရီထိုးပြီဆိုတာလဲသိရော 8Yar တစ်ယောက် ရေချိုးခန်းကို ကဆုန်ပေါက်ပြေး၊ ရေချိုး၊ အဝတ်စားလဲ၊ ကင်မရာယူ၊ ဓာတ်ခဲစစ်၊ Memory card စစ် ပြီး အခြားလိုမယ်ထင်တာတွေ ကိုယ်လွယ်မဲ့အိတ်ထဲပစ်ထည့် ပြီးတော့ထွက်လာခဲ့လိုက်သည်။


 Yishun MRT ကိုရောက်တော ၁၁း၄၅့  ရှိပြီ။ သူငယ်ချင်းတွေလည်း သိပ်မကြာခင်မှာပဲ ရောက်လာကြသည်။ သွားသာသွားရတယ်။ ကြောင်တွေကို ကိုယ်လည်းမြင်ဖူးနေတာ ဆိုတော့ သိပ်လည်းထူးဆန်းမယ် မထင်ဘူး။ အဲ့ဒီလိုနဲ့ ကြောင်ပြပွဲကျင်းပနေတဲ့ Chong Pang Community Club ကိုရောက်ခဲ့တယ်။

ရောက်ရောက်ချင်း အလှူခံနဲ့တန်းတိုးတော့တာပဲ။ ကိုယ်ကလည်း ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးဆိုတော့ အလှူခံတွေ့တာနဲ့ ထည့်ချင်နေရော။ အလှူငွေလည်းထည့်ပြီးရော ကိုယ်က ဓာတ်ပုံရိုက်ဖို့လာတာဆိုတော့ Camera လေးတပြင်ပြင်နဲ့ပေါ့။ အဲဒီအလှူခံဌာနမှာ ပြထားတာက ရိုးရိုးကြောင် ၅ကောင်လောက်ရှိမယ်ထင်တယ်။ ဓာတ်ပုံရိုက်မယ်လဲလုပ်ရော သူတို့ကတားတယ် ရိုက်လို့မရဘူးတဲ့။ တိန်! ကျွန်တော်လဲတော်တော် အံ့ဩသွားတယ်။ Why? လို့မေးတော့ ရိုက်ချင်ရင် ရိုက်ခပေးရမယ်တဲ့ ဟောဗျာ ဆိုပြီး ကျွန်တော်စိတ်လေသွားတယ်။ အဲ့ဒါနဲ့ ကြောင်ပြပွဲရှိတဲ့ အခန်းမဖက်ကို ထွက်လာခဲ့တယ်။ အခန်းမ မရောက်ခင် လမ်းတလျှောက်မှာ ကြောင်ပုံလေးတွေပါတဲ့ အမှတ်တရပစ္စည်းဆိုင်လေးတွေရှိတယ်။ ကိုယ်ကလဲသိပ်စိတ်မဝင်စားတဲ့ အတွက် စေ့စေ့တောင် မကြည့်ခဲ့မိဘူး။ 

အခန်းမထဲလဲရောက်ရော လူတွေကလည်း အများကြီး၊ ကြောင်တွေကလည်း အများကြီး၊ အိုးအို.... မနည်းပါလားလို့တောင် ရေရွတ်မိပါရဲ့။ သူငယ်ချင်းတွေကိုကြည့်လိုက်တော့ တစ်ယောက် တစ်နေရာစီထွက်သွားကြပြီး ကြောင်တွေကိုလိုက်ကြည့်နေကြပြီ။ ကြောင်တွေ အကုန်လုံး သူ့လှောင်အိမ်နဲ့သူ နေနေကြတယ်။ ပိုင်ရှင်တွေကလည်း ကြောင်မွေးတာ ကလေးမွေးတာကြနေတာပဲ။ လှောင်အိမ်ထဲမှာ မွေ့ယာနဲ့ စောင်နဲ့ ငုံ့ကြည့်လိုက်တော့.....


 အားပါးပါး တော်တော် လှတာပဲ။ အဲဒီကြမှ ကိုယ့်ထင်နဲ့ အမြင် တက်တက်စင်အောင်လွဲသွားပါလား ဆိုတာသိလိုက်တယ်။ အမှန်က ကြောင်ပြပွဲ ဆိုတာထက် ကြောင်ပြိုင်ပွဲ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမှာ.....

 ကြောင်တွေကို စစ်ဆေးတဲ့ ဒိုင်တွေရှိတယ်၊ 





 ဆုတံဆိပ်တွေရှိတယ်

ပြီးတော့ အားပေးတဲ့သူတွေလဲရှိတယ်၊ အဲဒါကြောင့် ကြောင်ပြိုင်ပွဲလို့ဆိုချင်ပါတယ်ခင်ဗျာ။ အမှန်တော့ ကျွန်တော်ရိုက်ခဲ့တာ ပုံ တွေက တစ်ရာကျော်ပါတယ်။ ကျွန်တော်ကပဲ လက်တုန်နေတာလား? ကျွန်တော့ Camera လေး FINEPIX F300EXR ကပဲချာနေတာလား မသိ? ပုံ တော်တော်များများ ဝါးနေပါတယ်။ အချို့ပုံတွေဆို စိတ်တိုင်းမကျလို့ Hand phone ထုတ်ပြီးရိုက်ခဲ့ပါသေးတယ်။ လှမယ်ထင်တဲ့ ပုံနည်းနည်းတော့ တင်လိုက်ပါတယ်ခင်ဗျာ။ အများကြီးတော့ မတင်ရဲ့ပါဘူး။ တော်ကြာ မြန်မာပြည်က ကျော်ခွလာရတဲ့ အစ်ကိုတွေ၊ အစ်မတွေများရှိခဲ့ရင် အစဉ်မပြေမှာဆိုးလို့ပါ။

  တီရှပ်လေးနဲ့ ကျနော်


  မျှော်လင့်နေမယ်... ကိုယ့်ရင်မှာနားပါကွယ်... 




 မျက်နှာကို မနည်းရှာယူရတယ်။ 




 နှုတ်ခမ်းမွှေးစစနဲ့ ကျနော်။ 




 ဆုတံဆိပ်ပိုင်ရှင် ကျမပါ။ ကစားဖို့ အရုပ်လေးလဲရှိတယ်။ 




 စိုက်ကြည့်ရင် အလိုက်သိပါ။


နံပြားမျက်နှာနဲ့ ဆရာကြောင်


 မော့ကြည့်နေတာ အကောင်းမဟုတ်ဘူးနော်။


 ကယ်ကြပါအုံးဗျိုး။ သားကို လည်ပင်းညစ်နေတယ်။


 ဘာတွေ ကုန်းရှူနေတာတုန်း?


  ကြောင်ပုံကိုလှအောင် မရိုက်ပဲ၊ ချာမပုံကိုလှအောင် ရိုက်မိလို့ ဗိုက်ခေါက်လိမ်ဆွဲခံရပြီးပြီ။


အားလုံးပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုရင်း
8Yar
27th Sep 2011

21 comments:

Candy said...

မိုက်တယ်.. သွားချင်လိုက်တာ... နောက်ဆို အဲ့လိုလေးတွေရှိရင် ပြောပြနော်... အားရင်သွားရအောင်... :D

မဒမ်ကိုး said...

ကောင်းတယ် ဗိုက်ခေါက်လိမ်ဆွဲတာတောင်နည်းသေးတယ်
တစ်ယောက်ထဲသွားတာကိုး
ငါတို့ကိုမှမခေါ်တာ
ကောင်းတယ် ၀မ်းသာတယ်း)ဟိဟိ

ဒိုးကန်

စံပယ်ချို said...

ဗိုက်ခေါက်လိမ်ဆွဲတာနဲသေးတယ်
နာရွက်တို့ဘာတို့ပါဆွဲရမှာ...
ချစ်စရာကောင်းတဲ့ပုံအားလုံး
သူ့ပုံချီးပဲ....ကြောင်ချာမကိုရိုက်ချင်တာတော့သေချာပါတယ်။
ခင်တဲ့ jasmine

8Yar said...

Candy<< Candy ကအဲ့လိုပွဲတွေ စိတ်ဝင်စားတယ်လား။ ဒီလိုမှန်းသိရင်ပြောပါတယ်။ နောက်ပွဲတွေရှိရင် အကြောင်းကြားပါ့မယ်ဗျာ။ စားပွဲသောက်ပွဲ ရှိရင်လဲပြန် အကြောင်းကြား လိုက်စားမယ်။ :P

မဒမ်ကိုး<< အောင်မရေးဂျ ကြောက်ပါပြီဂျ နောက်ကိုခေါ်ပါ့မယ်ဂျာ။ ဒီနေ့ ကံမကောင်းပါလားနော်။ :(

jasmine(တောင်ကြီး)<< အောင်မလေး မမ Jas ရယ် ကိုယ့်မောင်လေးကို နာရွက်ပါအဆွဲခံခိုင်းရက်တယ်။ ပြီးတော့ အမှုကြီးအောင်ရေးသွားသေးတယ်။ တော်တော် ရက်စက်ပါလားဗျာ။ တော်ပြီ ခေါ်တော့ဘူး ဒါဗြဲ။ :P

mstint said...

ကြောင်ပြပွဲလာကြည့်သွားတယ် 8Yar ရေ။
ဆုတံဆိပ်ကို အရောင်နဲ့ခွဲပြီး သတ်မှတ်တာလား? အဲဒီလိုပြပွဲမျိုးကိုရောက်မယ်မထင်ဘူး ခွေး ကြောင်မချစ်တတ်လို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိမ်မက်စေရာ said...

အမလေး ချစ်စရာလေးတွေ.. အိမ်မက်က အိမ်မှာ ကြောင် အကောင် ၂၀ လောက်နဲ့ကို နေခဲ့တာ ဒါကြောင့် ကြောင်မြင်ရင်သဲသဲလှုပ်ပဲ..
ကို 8 yar နောက်တစ်ခါသွားရင် တစ်ကောင်လောက်ခိုးခဲ့ပေးပါ..

အိမ်မက်

ညီရဲ said...

ကြောင်ပြပွဲလေး လာကြည့်သွားတယ် ညီရေ...
ကြောင်လေးတွေ ချစ်စရာလေးတွေ...
ဒီလို ထူးထူးခြားခြား ပွဲလေးတွေက စိတ်ဝင်စားဖို့ ကောင်းမယ်နော်...

my logic said...

ယာယာရေ ကြောင်ပြပွဲလာကြည့်သွားတယ်နော်.... ပူးပူးကကြောင်ချစ်
တတ်တယ်...... ကြောင်လေးတွေအကုန်ချစ်တယ် နံပြားမျက်နှာနဲ့အဖြု
လေးက ပုပူးကြောင်နော် ကြိုယူပီပီ ဒါပဲ :P

nandasara.ashin said...

နောက်တစ်ခါ သွားရင် ဘုန်းဘုန်းလည်း လိုက်ခဲ့မယ်နော်...ခေါ်မှာမလား

မြသွေးနီ said...

ထူးထူးဆန်းဆန်းကြောင်ပြိုင်ပွဲလေးလာငေးသွားပါတယ်။
နံပြားမျက်နှာနဲ့ ဆရာကြောင်လေးကို သဘောကျတယ်။

Anonymous said...

အိပ်ရာ..နာ့..ပုံတွေကိုယူသုံးထားတယ်
ခရက်ဒစ်ပေးရမယ်နော်း))
ချစ်ခင်စွာဖြင့်
သမီးစံ

8Yar said...

mstint<< အန်တီတင့် ရေ ဆုတံဆိပ်တွေက ကြောင်အမျိုးအစား လိုက်ပြီးပေးတယ် လို့ထင်ပါတယ်ခင်ဗျာ။ အမွှေးရှည်မျိုးကိုပေးတာက တစ်ရောင်၊ အမွှေးတိုမျိုးကို ပေးတာကတစ်ရောင်ပါ။ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အိမ်မက်စေရာ<< တိန်! မအိမ်မက် အားပေးတာက ကြောတ်စရာကြီး။ ကျွန်တော့ကို အမှုဆင်နေသလိုပဲ။ :P ဟီး.. နောက်တာနော်။ ခိုးတော့မခိုးရဲဘူး တောင်းဆိုရင်တော့တောင်းရဲပါတယ်။ အထီးယူမှာလား၊ အမယူမှာလား ဆိုတာလေးတော့ပြောထားပေးနော်။

ညီရဲ<< လာအားပေးတာ ကျေးဇူးပါ အစ်ကိုညီရဲ ရေ။ စိတ်ဝင်စားဖို့တော့ကောင်းတယ် အစ်ကို။ ကျွန်တော်လည်း ပထမဆုံးသွားဖူးတာပါ။ :)

ညိမ်းနိုင် said...

ဟင်....ဘယ်တုန်းကလုပ်သွားပါလိမ့်သိလိုက်ဘူး...သိရင်သွားကြည့်ပါတယ်....
ဖဘက ကြောင်ချစ်သူသယ်ရင်းတွေအတွက် ဒါ့ပုံရိုက်ချင်လို့....:)

8Yar said...

puupuu<< ဟုတ်ပါပြီခင်ဗျာ။ နံပြားမျက်နှာလေးနဲ့ ဆရာကြောင်ကို ပူးပူးကြောင်လို့မှတ်ထားလိုက်ပါ့မယ်ခင်ဗျာ။ ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ။

nandasara.ashin<< တင်ပါ့ဘုရား။ အရှင်ဘုရား စိတ်ဝင်စားရင် ခေါ်ပါ့မယ်ဘုရား။ ကြွရောက်လာတဲ့ အတွက် အရမ်းဝမ်းသာပါတယ် ဘုရား။

မြသွေးနီ<< လာအားပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။ ကျွန်တော်လည်း မျက်နှာပြားပြားနဲ့ကြောင်တွေ အများကြီးရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဝါးနေလို့ မတင်တာပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

သမီးစံ<< ဟုတ်တယ်။ အစ်မပုံကိုလှအောင် ရိုက်မိလို့ ဗိုက်ကြော အလိမ်ခံရတာ။ :P အခုမှပဲပေါ်လာတော့တယ်။ ဘယ်တွေပျောက်နေတာတုန်း။

Anonymous said...

လှလိုက်တာဗျာ

8Yar said...

ညိမ်းနိုင်<< ဪဟုတ်ကဲ့ Cat Show က Chong Pang CC, 22 Yishun Ring Rd မှာပြသွားတာပါခင်ဗျာ။ 18-Sep-2011 နံနက် 10am ကနေညနေ 6pm ထိပါ။ face book မှာ ကြောင်ချစ်သူအသင်းရှိတယ်လာ။ အခုမှကြားဖူးလို့ပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

အမှတ်တရ နေ့စွဲများ....<< ကြောင်ကိုပြောတာလား ဟင်?? :P လာအားပေးတာ ကျေးဇူးပါ အစ်ကို ရေ။

မိုးခါး said...

အီးးးးးး
အသည်းယားလိုက်တာ.. ချစ်စရာလေးတွေ ..း)

Unknown said...

အောက်ဆုံးက ပုံလေး ပိုသဘောကျတယ်
ကို8yarရေ ချစ်စရာလေးနော် ဂလု ဂလု.. p;p;p

ခင်မင်လေးစားလျှက်
( ဒုတိယ)

Angelhlaing(May everybody be happy and healthy! said...

ကိုယ်တိုင်ရောက်သွားသလိုပဲ :):)
ချစ်စရာလေးတွေ ....

မအိမ်သူ said...

ပထမဆုံးပုံလေးထဲက ကြက်ဥနှစ်ရောင် ကြောင်ဝါလေးကိုလိုချင်လိုက်တာ။ လှောင်အိမ်ထဲမှာ ခွေအိပ်နေတဲ့ကောင်လေးလေ။ ချစ်စရာလေး။ အမွေးရှည်ကောင်တွေက ကြည့်ရတာ ခန့်ခန့်ကြီးတွေ အပြင်မှာ အတော်ပဲများမဲ့ပုံ..း)

8Yar said...

မိုးခါး<< အသည်းယား ရင်ကြောင်မမွေးနဲ့နော် ကြောင်ကကုတ်တတ်တယ်ခင်ဗျ။ :P

ဒုတိယလူ<< ဂလု ဂလု..တဲ့ ချက်စားမလို့လား အစ်ကိုဒုရယ်။ ဟီး...။ :P

Angelhlaing(May everybody be happy and healthy!<< ကျေးကျေးပါခင်ဗျာ။ အမြဲလာလို့ ဝမ်းသာပါတယ်ခင်ဗျာ။

မအိမ်သူ<< လိုချင်ရင် ယူသွားလိုက်ဗျာ။ ဟီး... ကြောင်တွေအကုန်လုံး ပဲများကြတယ်ဗျ။